skip to content

ရန်ကုန်၊ အောက်တိုဘာလ( ၂၄  )ရက်။          

၂ဝ၁၈ခုနှစ် ၊အောက်တိုဘာလ (၂၄)ရက်နေ့ တွင် ကျရောက်သည့် ဆဌမအကြိမ်မြောက်ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ယနေ့ နံနက်(၆)နာရီက ရန်ကုန်မြို့၊ မဂင်္လာတောင်ညွန့်မြို့နယ် ကန်တော်ကြီးတွင် ကျင်းပရာ   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် တာဝန်ရှိသူများ ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်နှင့် တာဝန်ရှိသူများ၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာပြည်ဌာနေ ကိုယ်စားလှယ် Dr.STEPHAN PAUL JOST၊ ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့မှ မြန်မာပြည်ဌာနေကိုယ်စားလှယ် Ms.JUNE KUNUGI ၊ Myanmar Polio Plus Committee မှ ဒေါ်စန္ဒီလွင်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဝင်း၊ စက်ဘီးစီးအားကစား ဝါသနာရှင်(၈ဝဝ)ကျော်တက်ရောက်ပါဝင် ဆင်နွှဲကြသည်။

လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ စက်ဘီးစီးအားကစားဝါသနာရှင် (၈ဝဝ)ကျော်တို့က ကန်တော်ကြီး(၂) ပတ် ပတ်၍ စက်ဘီးစီးနင်းခဲ့ကြပါသည်။

၄င်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ်လူထုစုပေါင်းစက်ဘီးစီးနင်းပွဲ နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက  ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပသည့် ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ်အဖြစ်နှင့် ပိုလီယိုရောဂါပိုး ကင်းစင်ပပျောက်ရန် အတွက် မြန်မာနိုင်ငံတွင်လည်း ယခုလိုကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်  ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားသဖြင့် ရောဂါပိုးကူးစက်မှုကို ဖြတ်တောက်နိုင်ခဲ့ပြီး ပိုလီယိုရောဂါကင်းစင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ သို့ရာတွင် ကမ္ဘာ့ပေါ်တွင်  ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် နိုင်ဂျီးရီးယားနိုင်ငံတွေမှာ ပိုလီယိုအရိုင်းပိုး ဆက်လက်ကူးဆက် ပျံ့နှံ့လျက်ရှိခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံများသို့  ပိုလီယိုရောဂါ ပိုးဆက်လက် ပျံ့နှံ့နိုင်သည့်အတွက် ကာကွယ်ဆေးကို အရှိန်အဟုန်မပျက် ဆက်လက်တိုက်ကျွေးကာ  ပိုလီယိုအကြောသေရောဂါကို အပြီးတိုင်ချေမှုန်းနိုင်ရန်အထူးအရေးကြီးကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့မှ မြန်မာပြည်ဌာနေကိုယ်စားလှယ်များနှင့် ၊ Myanmar Polio Plus Committee ဥက္ကဌကပိုလီယိုကင်းစင်ပပျောက်ရေးအတွက် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဆောင်ရွက်မှုများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင် ပိုလီယိုကာကွယ်ဆေး(တိုက်ဆေး)ကို (၁၉၈၂)ခုနှစ်မှ စတင်၍ တိုက်ကျွေးခဲ့ပြီး ပိုလီယိုကာကွယ်ဆေး(ထိုးဆေး)ကို ၂ဝ၁၅ခုနှစ်တွင် စတင်ထိုးနှံပေးခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် မြန်မာနိုင်ငံတွင် ပိုလီယိုရောဂါကင်းစင်ပပျောက်သည့် အခြေအနေကို ရောက်ရှိခဲ့ပြီး အဆိုပါ အခြေအနေကို ထိန်းသိမ်းရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 


back to top Eng