ရန်ကုန်၊ ဇန်နဝါရီလ(၃၁) ရက်။
မြန်မာမြားပစ်အားကစားအဖွဲ့နှင့် ပူးတွဲလေ့ကျင့်ပေးခဲ့သော ကိုရီးယား နိုင်ငံမြားပစ်အားကစားသမားအဖွဲ့အား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ည(၆)နာရီက ရန်ကုန်မြို့ ကန်တော်ကြီးရှိ ကရိတ်ဝိတ်နန်းတော်၌ ကျင်းပရာ အာရှမြားပစ်အဖွဲ့ချုပ်အဖွဲ့ဝင်၊ အရှေ့တောင်အာရှ မြားပစ်အဖွဲ့ချုပ် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နာယက ဒေါက်တာခင်ရွှေ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ကိုရီးယားနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှ အသင်းအုပ်ချုပ်သူ နည်ပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
အစီအစဉ်အရ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် နာယက ဒေါက်တာခင်ရွှေနှင့် ကိုရီးယားနိုင်ငံမြားပစ် အဖွဲ့အသင်းအုပ်ချုပ်သူတို့ အပြန်အလှန် မိတ်ဆက်ပေးပြီး နာယကဒေါက်တာခင်ရွှေက အမှတ်တရ ရွှေချီထိုးပန်ချီကားများ လက်ဆောင်ပေး၍လည်းကောင်း၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတောက်ထွန်းက အားကစား အင်္ကျီများကို လက်ဆောင်ပေးခဲ့ကြပြီး ဂုဏ်ပြုညစားဖြင့် တည်ခင်း ဧည့်ခံခဲ့ ပါသည်။
ယခုလာရောက် ပူးတွဲလေ့ကျင့်သော အားကစားသမားများသည် အာရှအဆင့် ကမ္ဘာ့အဆင့်နှင့် အိုလံပစ်အဆင့်များတွင် ရွှေတံဆိပ်ဆုရှင်များဖြစ်ကြရာ ယခုပူးတွဲလေ့ကျင့်ရာတွင် မြန်မာနိုင်ငံမှ ထိုက်လင်းဦးက ပထမပွဲစဉ်တွင် အနိုင်ရရှိပြီး ဒုတိယပွဲစဉ်တွင် သရေကျ၍ တတိယပွဲစဉ်၌ ကိုရီးယားက ပြန်လည်အနိုင်ရရှိသွားသောကြောင့် စုစုပေါင်း ရမှတ် (၃)မှတ်ဖြင့် တတိယရရှိခဲ့သည်။မြန်မာနိုင်ငံမှ မြားပစ်အားကစားသမား ထိုက်လင်းဦးအား ယခုပြုလုပ်မည့် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကြီးအား စေလွှတ်ရန် လျာထား ပါကြောင်း သိရှိရသည်။