skip to content

ရန်ကုန်၊ ဒီဇင်ဘာလ(၂၅)ရက်။        

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊  မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့် Naing Group Companies မှ အဓိကပံ့ပိုးကူညီပေးသော ၂၀၁၉ခုနှစ်၊ အမျိုးသားတံခွန်စိုက်ကြက်တောင်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်နှင့်အမှုဆောင်များ၊ Naing Group Companies မှ ဥက္ကဌ ဦးကျော်နိုင်ဦး၊ ရွှေတောင်ကုမ္ပဏီမှ ဥက္ကဌ ဦးအိုက်ထွန်း၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့်ကလပ်အသင်းအသီးသီးမှ အားကစားသမားများတက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အဖွင့်အမှာစကားပြောကြားရာတွင်  ၂၀၁၉ခုနှစ်၊ အမျိုးသားတံခွန်စိုက်ကြက်တောင်ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြင့် ကြက်တောင် အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေဖို့  နိုင်ငံတကာပြိုင်ပွဲတွေမှာ အဆင့်မီ အရည်အသွေးရှိတဲ့ ထူးချွန်အောင်မြင်တဲ့  အားကစားသမားများပေါ်ထွက်လာစေပြီး မြန်မာကြက်တောင်အားကစား  အောင်မြင်မှုရရှိစေရန်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရဲ့ အဓိကတာဝန်(၅)ရပ်ထဲက တစ်ရပ်ဖြစ်တဲ့ ပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပရေး ဆိုတဲ့အချက်နဲ့အညီ ဌာနမှ ပြိုင်ပွဲများကို အတတ်နိုင်ဆုံး စီစဉ်ကျင်းပပေးလျက်ရှိရာမှာ ယခုလို Naing Group Companies မိသားစုအနေနဲ့  ပြိုင်ပွဲကြီးတစ်ရပ်ပံ့ပိုးဆောင်ရွက်ပေးတဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဝမ်းမြောက် မိပါကြောင်းပြောကြားရင်း ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါပြိုင်ပွဲကို အသက်(၉)နှစ်အောက်၊ (၁၁)နှစ်အောက်၊ (၁၃)နှစ်အောက်၊ (၁၅)နှစ်အောက်၊ (၁၇)နှစ်အောက်၊ (၁၉)နှစ်အောက်၊ သာမန်တန်းနှင့် တံခွန်စိုက်ကြီးတန်းဟူ၍ ပြိုင်ပွဲအတန်းပေါင်း (၃၀)ပါဝင်ရာ အားကစားသမား (၃၇၉)ဦးတို့ ပါဝင်ယှဉ်ပြိုင်ပြီး နေ့စဉ်နံနက် (၉)နာရီမှ  နေ့လည်(၁)နာရီအထိ ပြိုင်ပွဲအား ဒီဇင်ဘာလ(၂၉)ရက်နေ့အထိကျင်းပသွားမှာဖြစ်ရာ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရသည်။

 


back to top Eng