skip to content

ရန်ကုန်၊ ဇန်နဝါရီလ(၁၉)ရက်။       

(၈)ကြိမ်မြောက် ရိုးမ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန် ပြိုင်ပွဲကြီးအား  အပြေးအားကစားချစ်မြတ်နိုးစိတ်မှတဆင့် ပြည်တွင်း၊ ပြည်ပအားကစားသမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၀ပြည့်နှစ် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲတွင် ယနေ့ နံနက်(၅)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘူမိ Event Park  ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမောင်မောင်စိုး၊   ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊  အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ YSH/ FMI/ SPA တို့၏ ဥက္ကဌ ဦးသိမ်းဝေ၊ Yoma Strategic Holdings  ၏ အမှုဆောင်အရာရှိချုပ် Mr. Melvyn Pun ၊ ပြည်တွင်း၊ ပြည်ပနှင့်နိုင်ငံတကာမှ အပြေးသမားများတက်ရောက်ကြသည်။

ရှေးဦးစွာ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမောင်မောင်စိုး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်တို့က (၄၂)ကီလိုမီတာမာရသွန် အပြည့်နှင့် (၂၁ကီလိုမီတာ)တစ်ဝက် မာရသွန်တို့အား တာထွက်အလံမြှောက်၍ ဖွင့်လှစ်ပေးခဲ့သည်။

ယင်းပြိုင်ပွဲကို(၄၂)ကီလိုမီတာမာရသွန်အပြည့်နှင့် (၂၁)ကီလိုမီတာတစ်ဝက်မာရသွန်၊ (၁၀) ကီလိုမီတာ စိန်ခေါ်မာရသွန်နှင့် (၃)ကီလိုမီတာ အပျော်တမ်းအပြေး/ လမ်းလျှောက်ပြိုင်ပွဲ ဟူ၍ ပြိုင်ပွဲအမျိုးအစား(၄)မျိုးခွဲခြားထားရာ တာထွက်နှင့်ပန်းဝင်နေရာမှာ သုဝဏ္ဏဘူမိ Event Park   ဖြစ်ပြီး ပြိုင်ပွဲ လမ်းကြောင်းတစ်လျှောက်တွင် ရန်ကုန်မြို့၏ အထင်ကရနေရာများဖြစ်သည့် ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားနှင့် အင်းလျားကန်တို့ ကို ဖြတ်သန်းသွားရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ဂျပန်၊ စင်္ကာပူ၊ထိုင်း၊ တရုတ်၊ မလေးရှား၊ပြင်သစ်၊ UK နှင့် ဟောင်ကောင်နိုင်ငံတို့မှ အပြေးသမားများ၊ နိုင်ငံတကာအပြေးသမားပေါင်း (၉၆၀)ဦးအပါအဝင် ပြည်တွင်း၊ ပြည်ပမှ အပြေးသမားပေါင်းအင်အား (၁၁၀၀၀)ကျော်ပါဝင်ကြသည်။

ဆုကြေးငွေများကို (၄၂)ကီလိုမီတာမာရသွန်အပြည့် ပြိုင်ပွဲတွင် ပထမဆု Crystal Trophy ဆုနှင့် အမေရိကန်ဒေါ်လာ  ၂၇၀၀၊ ဒုတိယဆု Crystal Trophy နှင့်အမေရိကန်ဒေါ်လာ ၁၄၀၀ နှင့် တတိယဆု Crystal Trophy နှင့်အမေရိကန်ဒေါ်လာ ၉၀၀ ၊ (၂၁)ကီလိုမီတာတစ်ဝက် မာရသွန်ပြိုင်ပွဲ တွင် ပထမဆု Crystal Trophy နှင့် အမေရိကန်ဒေါ်လာ  ၁၆၀၀၊ ဒုတိယဆု Crystal Trophy နှင့်အမေရိကန်ဒေါ်လာ ၉၀၀ နှင့် တတိယဆု Crystal Trophy နှင့်အမေရိကန်ဒေါ်လာ ၅၀၀ ၊ (၁၀)ကီလိုမီတာ စိန်ခေါ်မာရသွန် ပြိုင်ပွဲတွင် ပထမဆု Crystal Trophy နှင့် အမေရိကန်ဒေါ်လာ  ၈၀၀၊ ဒုတိယဆု Crystal Trophy နှင့်အမေရိကန်ဒေါ်လာ ၄၀၀ နှင့် တတိယဆု Crystal Trophy နှင့်အမေရိကန်ဒေါ်လာ ၂၅၀ တို့ကို ပေးအပ်ချီးမြှင့်မှာဖြစ်ပြီး (၄၂)ကီလိုမီတာ မာရသွန်အပြည့်နှင့် (၂၁)ကီလိုမီတာ တစ်ဝက်မာရသွန်၊ (၁၀)ကီလိုမီတာ စိန်ခေါ်မာရသွန်နှင့် (၃)ကီလိုမီတာ အပျော်တမ်း အပြေး/လမ်းလျှောက် ပြိုင်ပွဲစသည့် ပြိုင်ပွဲအမျိုးအစားများတွင် ပါဝင်ယှဉ်ပြိုင်သူတိုင်း မည်သည့်အမျိုးအစားကိုဖြစ်စေ အောင်မြင်စွာယှဉ်ပြိုင်နိုင်ပါက ဆုတံဆိပ်(၁)ခုစီနှင့် မာရသွန် အပြည့်ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်သူများကို တီရှပ်(၁)ထည်စီ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 


back to top Eng