skip to content
 
လွိုင်ကော်၊ အောက်တိုဘာလ (၂၁)ရက်။
 
မြန်မာအားကစားရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျိုးဆက်သစ်အားကစားသမားများ နိုင်ငံအနှံ့အပြားပေါ်ထွက်လာစေရန်ရည်ရွယ်၍ တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီး၌ ဦးစားပေးအစီအစဉ်ဖြင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများကို ဖွင့်လှစ်သင်ကြားလေ့ကျင့်လျက်ရှိရာ ကယားပြည်နယ်အတွက် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းဖွင့်ပွဲအား ယနေ့နံနက် (၈)နာရီအချိန်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)ကျောင်း၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်န်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်နှင့်တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
 
အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့်လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်ဌေးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့သည် အဝင်မုဒ်ဦး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။ ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်) ကျောင်း ကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်အား ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့မှ စက်ခလုတ်နှိပ်ကာ ဖွင့်လှစ်ပေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အခမ်းအနား တက်ရောက် လာကြသော ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးတို့နှင့်အတူ ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်အား အမွှေး နံသာများဖြင့် ပက်ဖျန်းပေးခဲ့ကြပါသည်။
 
 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အခမ်းအနား တက်ရောက်ကြသော တိုင်းရင်းသား၊ တိုင်းရင်းသူများအား လိုက်လံနှုတ်ဆက်အပြီး အားကစားနှင့် ကာယပညာသိပ္ပံကျောင်းသား၊သူများ၏ အိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးပါသည်။
 
ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား အားကစားနှင့်ကာယပညာ သိပ္ပံ(လွိုင်ကော်)ကျောင်း မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့် မိန့်ခွန်း အမှာစကားပြောကြားရာတွင် ယနေ့တိုင်းပြည်၏ အနာဂတ်တွင် လူငယ်များ၏ အခန်းကဏ္ဍသည် အဓိကကျကြောင်း၊ ယနေ့လူငယ်များဖွံ့ဖြိုးတိုးတက်ပါမှ အနာဂါတ်နိုင်ငံတော် သည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊  သို့ဖြစ်ပါ၍ လူငယ်များ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ဖို့ ရေရှည် ဆက်လက်လုပ်ဆောင်သွားရမည်ကို ဝိုင်းဝန်းစဉ်းစားဖို့လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် အားကစားဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော ပြည်နယ်များအား ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ် သော အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(လွိုင်ကော်) ၌ တက်ရောက်ပညာ သင်ကြားလေ့ကျင့် ကြမည့် လူငယ်များအနေဖြင့် စည်းကမ်းကောင်းမွန်ပြီး စည်းစနစ်ရှိကာ ဆရာ၊ဆရာမများ၊  နည်းပြများ၏ သွန်သင်၊ ဆုံးမမှုကို တစ်သွေမသိမ်းလိုက်နာကာ ပညာများကို သင်ယူလေ့ကျင့်ရန် အလွန်အရေးကြီးပါကြောင်း၊ 
 
ထိုသို့ လူငယ်ဘဝကပင် စည်းကမ်းစိတ်ဓါတ်ကောင်းမွန်ပြီး ကြီးပြင်းလာပါက ဘဝရှေ့ရေး တွင် ကောင်းမွန်သော အနာဂါတ်ကို ပိုင်ဆိုင်မည်ဖြစ်ပြီး နိုင်ငံတော်တွင် အားထားရမည့် အားကစားသမားကောင်းများ၊ နိုင်ငံ၏အနာဂါတ်တွင် ခေါင်းဆောင်ကောင်းများ အဖြစ်ကို ရရှိမည် ဖြစ်ပါကြောင်း၊ လူငယ်များကို ကောင်းမွန်သော အနာဂါတ်ဖြစ်အောင် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ပေးရန် မိမိတို့အားလုံးတွင် တာဝန်ရှိသကဲ့သို့ အကောင်းဆုံးပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ 
 
တစ်မျိုသားလုံးကျန်းမာကြံ့ခိုင်လာစေရေးကို အားကစားပြုလုပ်ခြင်းဖြင့် ထူးချွန်ထက်မြက် သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ယခု အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)ကျောင်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊
 
ယခု အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) ကျောင်းအား မိမိတို့၏ ကိုယ်ပိုင်ကျောင်း ကဲ့သို့ သဘောထားဆောင်ရွက်ကာ ကျောင်း၏ကောင်းရာ၊ ကောင်းကျိုး တိုးတက်စေရေးအတွက် ဝိုင်ဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း၊
 
လက်ရှိဖွင့်လှစ်ပြီး သိပ္ပံကျောင်း(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) (၄) ကျောင်း အား လူသစ်ရွေးချယ်မှု၊ နည်းပြများအခြေအနေ၊ အားကစားနည်းအလိုက် ကွင်းရုံအခြေအနေ၊ အားကစားနည်းအလိုက် ငွေကြေးသုံးစွဲမှုအခြေအနေ၊ ကျောင်းသား/ကျောင်းသူများ တက္ကသိုလ် အောင်မြင်မှု အခြေအနေများကို ပြန်လည်သုံးသပ်နိုင်ရန် အဖွဲ့များဖွဲ့၍ ဆောင်ရွက်ပြီးစီးရာ နောက်ဆုံးအစီရင်ခံစာများ ရရှိထားပြီးဖြစ်ပါကြောင်း၊ ၄င်းတွေ့ရှိချက်များကိုအခြေခံ၍ အကောင်း ဆုံး မဟာဗျူဟာရေးဆွဲကာ ပြောင်းလဲလာသောအခြေအနေ၊ အချိန်အခါနှင့်အညီ လိုက်လျော ညီထွေအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ 
 
ယခုလို အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ အသစ်ဖွင့်လှစ်နိုင်မှုကြောင့် အားကစား လောက၏ အနာဂါတ်ရောင်ခြည်မှာ ယခင်ထက် ပိုမိုထွန်းတောက်လာမည်ဖြစ်ကြောင်း၊ အားကစားသည် အခုလုပ် အခုအောင်မြင်သောအလုပ်မဟုတ်ဘဲ ရေရှည်အခြေခံအုတ်မြစ်များ ကောင်းကောင်း ချမှတ်လုပ်ဆောင်ရသည့်အလုပ်ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့၏ဘဝရှေ့ရေးအတွက် ပိုမိုကြိုးစားကြစေလိုကြောင်း၊ အဆိုပါသိပ္ပံကျောင်းများမှ တက္ကသိုလ် ဝင်တန်းအောင်မြင်သူများသည် B.Sc (Sports) သို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပြီး အားကစားထူးချွန်သူများအား ဝန်ကြီးဌာနတွင် အလုပ်တာဝန်များ ခန့်အပ်သွားရန် ဆောင််ရွက် လျက်ရှိပါကြောင်း၊ လက်ရှိနိုင်ငံလက်ရွေးစင် အားကစားသမား အများစုသည် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ ထွက်ရှိသူများဖြစ်ကြောင်း၊ အားကစားကို လက်ရှိထက်ပိုပြီး သိပ္ပံ နည်းကျလေ့ကျင့်ရန်လိုအပ်ကြောင်း၊ အားကစားကို သုတေသနပြုလုပ်ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအနေဖြင့် အားကစားကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အားကစားအောင်မြင်မှုရရှိအောင် ရည်ရွယ်ချက် ထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရန်အတွက် အောက်တိုဘာလ တွင် တာဝန်ရှိသူများနှင့် ပညာရှင်များ ပူးပေါင်းကာ အားကစားပြုလုပ်ခြင်းသည် ဆေးတစ်မျိုးဖြစ် သည် ဟူသော စာတမ်းဖတ်ပွဲမှ ထွက်ရှိလာသောဆောင်ရွက်ချက်များကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ 
 
အားကစားတွင် အောင်မြင်မှုရရှိရန်အတွက် အားကစားအဖွဲ့ချုပ်များဖြင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင် အားကစားအောင်မြင်မှုရရှိအောင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုဝင်ဘာလအတွင်း၌လည်း အားကစားနှင့်ပတ်သက်၍ တာဝန်ရှိသူများ၊ အားကစားပညာရှင်များဖြင့် အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ကာ အကောင်းဆုံးအကြံဥာဏ်များရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ အားကစားကွင်း/ရုံများကို စာရင်းပြုစု၍ ပြုပြင် မွမ်းမံဆောင်ရွက်သွားပြီး ပြည်သူများ အခမဲ့ဝင်ရောက်လေ့ကျင့်နိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။
 
ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ အမှာစကားပြော ကြားရာတွင် ကယားပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်ဒေသဖွံ့ဖြိုးရေးတွင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကယားပြည်နယ်မှ အားကစားသမားကောင်းများ အစဉ် မွေးထုတ်ပေးပြီး နိုင်ငံဂုဏ်ဆောင်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သော အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်)ကျောင်းအား ပြည်ထောင်စုဝန်ကြီး ဌာန၏ပံ့ပိုးမှု၊ ကယားပြည်နယ်အစိုးရ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အကောင်းဆုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားပါသည်။
 
 
ဆက်လက်၍ ကယားပြည်နယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့်လူမှုရေးရာ ဝန်ကြီး ဦးအောင်ကျော်ဌေးမှ အားကစားနှင့်ကာယပညာသိပ္ပံတည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။
 
ယင်းနောက် အလှူငွေပေးအပ်ပွဲကိုကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) ကျောင်းရန်ပုံငွေ အတွက် အားကစားနှင့်ကာယပညာဦးစီင်္းဌာနမှ အလှူငွေ ကျပ်သိန်း(၁ဝဝ)၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်မှ လှူဒါန်းသော အလှူငွေ ကျပ်သိန်း(၃ဝ)နှင့် ဘောလုံး (၂ဝဝ)အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ပေးအပ်ရာ ကယားပြည်နယ် စည်ပင်သာယာရေးနှင့်လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်ဌေးမှ လက်ခံရယူပါသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် အခမ်းအနားတက်ရောက် လာကြသူများသည် အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးကြပြီး အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) အတွင်းရှိ ကျောင်းသား/ကျောင်းသူများ စာသင်ဆောင်၊ စားရိပ်သာ၊ ပဲနို့ကြိတ်စက် အခန်း၊ ကျောင်းသား/ကျောင်းသူများ လေ့ကျင့်မည့်ဘောလုံးကွင်းနှင့် ဆေးပေးခန်းတို့အား လှည့် လည်ကြည့်ရှုစစ်ဆေးပြီး ကယားပြည်နယ် ရေကူးကန်သို့ သွားရောက်ကာ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
 

back to top Eng