skip to content

နေပြည်တော်၊ မတ်လ(၂၆)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဝန်ကြီးရုံး(အားကစား)နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဌာနခွဲများ၏ ၂ဝ၁၉ ခုနှစ်၊  Physical Fitness Dance ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊  ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင်  ယနေ့ကျင်းပပြုလုပ်သည့်  ပြိုင်ပွဲမှာ ဝန်ကြီးရုံး(အားကစား)နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နေ့စဉ်လှုပ်ရှားဆောင်ရွက်နေသည့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး ''Exercise is Medicene'' ကို  အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် ဌာနခွဲအသီးသီးမှ ဝန်ထမ်းများအား ကျန်းမာပျော်ရွှင်စေရန်၊ ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ပူးပေါင်းမှုရရှိစေရန်နှင့် ကိုယ်လက်လှုပ်ရှားခြင်း၏ အကျိုးကျေးဇူးများ ကို သိရှိလိုက်နာဆောင်ရွက်စေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ်ကို ပါဝင်ဆင်နွှဲကြသည့် ဝန်ထမ်းများ အနေနှင့် မိမိတစ်ဦးချင်းမှသည် မိမိ၏ မိသားစုအသိုက်အဝန်းဆီသို့၊ မိသားစုအသိုက်အဝန်းမှသည် မိမိဌာန၊ မိမိတို့ ပတ်ဝန်းကျင်ရှိ လူအများသို့ ၊ ထိုမှတစ်ဆင့် လုပ်သားပြည်သူတစ်ရပ်လုံးအထိ ကျန်းမာရေးအသိအမြင်များ တိုးပွားလာပြီး ကိုယ်လက်လှုပ်ရှား ဆောင်ရွက်လာကြစေရန် ဦးတည်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ အဓိကရည်ရွယ်ချက်မှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ပြည်သူတစ်ရပ်လုံးကို အမျိုးသားရေးအသိစိတ်၊ ကျန်းမာရေးအသိအမြင်များနှင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်လာစေရန် စည်းရုံးဆောင်ရွက်ကြရမည့် တာဝန်ရှိကြောင်း၊ ယခုဆိုလျှင် Physical Fitness Dance လှုပ်ရှားမှုများသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိနေပြီဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ အနေနှင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ်များကို တာဝန်အရ လှုပ်ရှားဆောင်ရွက်ခြင်းမဟုတ်ဘဲ ပင်ကိုယ်ကျန်းမာရေးအသိစိတ်နှင့် စဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်ကြရန်လိုပါကြောင်း၊ ပြိုင်ပွဲပြီးသွားလျင်လည်း နေ့စဉ်လှုပ်ရှားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ပြိုင်ပွဲတစ်ရပ်အနေနှင့် ကျင်းပပေး ခြင်းဖြစ်သော်လည်း ဝန်ထမ်းတိုင်း ကျန်းမာပျော်ရွှင်စေရေး၊ ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေး၊ ကိုယ်လက်လှုပ်ရှား ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်ဆိုသည့် ဦးတည်ချက်များအတိုင်း လိုက်ပါဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်၍  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ ဝန်ကြီးရုံး(အားကစား)အပါအဝင် ဌာနခွဲ(၈)ခုမှ ကျား(၇)သင်း၊ မ(၁၄)သင်း အသင်းများ၏ Physical Fitness Dance အသီးသီး ယှဉ်ပြိုင်နေကြပုံများကို ကြည့်ရှုအားပေးခဲ့ကြ ပါသည်။

ထို့နောက် ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ၂ဝ၁၉ ခုနှစ်၊ Physical Fitness Dance ပြိုင်ပွဲတွင် ဆုရရှိကြသည့် အမျိုးသားအသင်းများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)အသင်းမှ ပထမ၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲအသင်းမှ ဒုတိယ၊ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲအသင်းမှ တတိယကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိကြသည့် အသင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)အသင်းမှ ပထမ၊ စီမံကိန်းနှင့် သုတေသနဌာနခွဲအသင်းမှ ဒုတိယ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)အသင်းမှ တတိယကို လည်းကောင်း၊ နှစ်သိမ့်ဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ အသီးသီး ချီးမြှင့်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

 


back to top Eng