skip to content

နေပြည်တော် ၊ မေလ(၁၅) ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂ဝ၁၉ ခုနှစ် မတ်လအထိ (၆)လတာကာလအတွင်း အားကစား နှင့်ကာယပညာသိပ္ပံကျောင်းများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉:ဝဝ)နာရီ အချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တက်ရောက်အမှာစကားပြောကြားပါသည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပသောအစည်းအဝေးသည် ဦးစီးဌာန၏ (၆)လတာကာလ လုပ်ဆောင်ပြီးစီးမှု ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ အစည်းအဝေးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများအနေဖြင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြရန်လိုအပ်ပါကြောင်း၊ တာဝန်ခံများအနေနှင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းအခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ရေးတွင် တာဝန်ခံဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များဖြင့်တင်ပြပြီး တတ်နိုင်သမျှ ဖြေရှင်းစေလိုပါကြောင်း၊ အားကစားအောင်မြင်တိုးတက်ရန်အတွက် ကြိုးစားဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိဖြစ်ပေါ်နေသော အားကစားကွင်း/ရုံဆိုင်ရာပြဿနာများ၊ ငွေကြေးဘဏ္ဍာရေးဆိုင်ရာပြဿနာများ၊ အခြားတိုင်စာများကို ဖြေရှင်းနေရသည်နှင့် အားကစားလုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာနေရပါကြောင်း၊ သိပ္ပံကျောင်း တစ်ကျောင်းချင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ခုချင်းစီ၏ မိမိကြုံတွေ့ရသော ဝန်ထမ်းရေးရာကိစ္စရပ်များ၊ အားကစားကွင်း/ရုံကိစ္စရပ်များ၊ အခြားကြုံတွေ့နေရသော အခက်အခဲများအား သီးခြားစီ တွေ့ဆုံဖြေရှင်းအဆုံးအဖြတ်ပေး၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ Outdoor Fitness တပ်ဆင်ထားမှုအခြေအနေ၊ ပြည်ထောင်စုဘတ်ဂျက်ဖြင့်ဆောက်ထားသော အားကစားကွင်း/ရုံ အဆောက်အဦများ၏ နောက်ဆုံးအခြေအနေများကို တင်ပြရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အားကစားနှင့်ကာယပညာဦးစီးဌာန(နေပြည်တော်)နှင့် အား/ကာသိပ္ပံကျောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့ E-Government System ဖြင့် ရုံးလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်ရမည်ဖြစ်သောကြောင့် Official E-mail ဖြင့်အသုံးပြု၍ လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်စေလိုကြောင်း၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံးပါဝင်လာအောင်Mass Sport လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒေသအသီးသီး၌ ပညာရေးဌာနဖြင့်ပေါင်းစပ်၍ အားကစားလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကိုလည်း တင်ပြရန်လိုအပ်ကြောင်း၊ ယခုလကုန်တွင် Physical Education Seminar ပြုလုပ်ရန်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်တာဝန်ခံများအားလုံးတက်ရောက်၍ မိမိတို့ဒေသတွင် ကြုံတွေ့ရသည့် ပညာရေးနှင့်ပေါင်းစပ်ပြီးပြုလုပ်နေသည့် လုပ်ငန်းအခက်အခဲများကို အကြံပြုဆွေးနွေးရန်လိုအပ်ကြောင်း၊ မိမိတို့ဒေသတွင်းရှိ စစ်ဘေးရှောင်စခန်းများကိုသွားရောက်၍ စစ်ဘေးရှောင်ပြည်သူများ၊ လူငယ်များကို အားကစားလှုပ်ရှားမှုပြုလုပ်ခြင်း၊ အားကစား အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်း စသည်များကို လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ လက်အောက်ခံဝန်ထမ်းများ၏ အရည်အချင်းများ တိုးတက်မြင့်မားလာစေရေးတွင် လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ ၄င်းတို့အထဲမှ ထူးချွန်ထက်မြက်သော အလားအလာကောင်းမွန်သည့် ဝန်ထမ်းများစာရင်းပြုစုတင်ပြပေးရန်လိုအပ်ကြောင်း၊ မိမိတာဝန် ထမ်းဆောင်ရာ ဒေသအသီးသီးတွင် တတ်နိုင်သမျှ အမှားနည်းနိုင်သမျှ နည်းအောင်ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသခံပြည်သူများ သက်ဆိုင်ရာအုပ်ချုပ်အာဏာပိုင် အဖွဲ့အစည်းများနှင့် လုပ်ငန်းအဆင်ပြေအောင် ပေါင်းသင်းဆက်ဆံရန် လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းသည် အခြားဝန်ကြီး ဌာနများနှင့်မတူ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ပြီး စည်းရုံးကာ အားကစားလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရသော လုပ်ငန်းဖြစ်၍ စည်းရုံးရေးမှူးဖြစ်ကြောင်း သိရှိရန်လိုအပ်ကြောင်း၊ အားကစားလုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိရန်အတွက် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် အင်မတန် ခက်ခဲပြီး နူးညံ၊ သိမ်မွေ့စွာ သေသေချာချာအာရုံစူးစိုက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အားကစား အောင်မြင်ရေးတွင် မိမိတို့အချင်းချင်းလည်း ကြုံတွေ့ရသော အခက်အခဲများဝေမျှဖလှယ် ပူးပေါင်း ဆောင်ရွက်ဖြေရှင်းပြီး မြန်မာ့အားကစား လောကတိုးတက်အောင်မြင်အောင် စုပေါင်းပြီးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ညွှန်ကြားရေးမှူးများ တစ်ဦးချင်းရှင်းလင်းဆွေးနွေးပြောကြားကာ ပထမနေ့အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
 


back to top Eng