ရန်ကုန်၊ အောက်တိုဘာလ( ၁၉ )ရက်။
၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်နေ့မှ နို၀င်ဘာလ(၂၉)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပမည့် အသက် (၁၆)နှစ် အောက်ခရစ်ကက်ပြိုင်ပွဲ၊ အောက်တိုဘာလ(၂၄)ရက်နေ့မှ နို၀င်ဘာလ(၄)ရက်နေ့အထိ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံတွင်ကျင်းပမည့် (၄)ကြိမ်မြောက် အာဆီယံဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲနှင့် အောက်တိုဘာလ(၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပမည့် တရုတ်-အာဆီယံဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား လမ်းညွှန်အမှာစကား ပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ဒုတိယ ကျောင်းအုပ်ကြီးဦးကျော်မင်းသန်း၊ သက်ဆိုင်ရာ အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အုပ်ချုပ်သူနည်းပြ နှင့်ကစားသမားများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် ခရစ်ကက်၊ စစ်တုရင်၊ လက်ဝှေ့အားကစား အဖွဲ့၀င်များက တစ်ဦးချင်းမိတ်ဆက်ဂါရ၀ပြုပြီး သက်ဆိုင်ရာအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြများက ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ တွေ့ဆုံအမှာစကား ပြောကြားရာတွင် ကြိုတင်ပြင်ဆင်ထားမှုနှင့် အားကစားသမား တစ်ဦးချင်းစီ၏ ပြိုင်ပွဲ၀င်ရောက် ယှဉ်ပြိုင်နိုင်မှုနှင့် တိုးတက်မှု အခြေအနေများကို သိလိုခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲ၀င်အားကစားသမားများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများ အနေဖြင့်လည်း ပြိုင်ဘက်ရဲ့ အားသာချက်၊ အားနည်းချက်ကို အမြဲလေ့လာပြီး ပိုမိုကောင်းမွန်သော ရလဒ်ဖြင့် ယှဉ်ပြိုင်စေလိုကြောင်း၊ အားကစားသမားများ၏ ကျန်းမာရေးလည်း အရေးကြီးပြီး ရာသီဥတုပြောင်းလဲမှုရှိသောကြောင့် အစားအသောက်၊ အနေအထိုင် အထူးဂရုပြုစေလိုပါကြောင်း၊ မိမိတို့၏ တစ်နေ့တာ လေ့ကျင့်မှုနှင့်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရာတွင် ကြုံတွေခဲ့ရသည့် အကြောင်းအရာများနှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန် နေ့စဉ်မှတ်တမ်းတင်ထားရှိပြီး မိမိကိုယ်ကို ပြန်လည် သုံးသပ်ဖို့ လိုအပ်ပါကြောင်း၊ မိမိနိုင်ငံ ဂုဏ်သိက္ခာထိခိုက်စေမည့် ပုံရိပ်မျိုး မပြုလုပ်ကြပါစေကြောင်း လမ်းညွှန်အားပေးစကား ပြောကြားပြီးနောက် ဒုတိယ၀န်ကြီးမှ သွားရောက်ယှဉ်ပြိုင်ကြမည့် သက်ဆိုင်ရာအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အသင်းအုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားများ နှုတ်ဆက်အား ပေးခဲ့သည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏလူငယ်လေ့ကျင့်ရေး စခန်းရှိ စက်ဘီးလေ့ကျင့်ရေးပြိုင်ကွင်းသို့ရောက်ရှိရာ BMX Pump & Jump Track စက်ဘီး အားကစားပြိုင်ကွင်း တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ တာ၀န်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယ ၀န်ကြီးဒေါက်တာ မြလေးစိန်က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။