skip to content

ရန်ကုန်၊ အောက်တိုဘာလ(၂၅)ရက်။                

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်နှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဉာဏ်ထွန်း၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များတို့သည် အားကစားမီဒီယာအဖွဲ့ချုပ်နှင့် တွေ့ဆုံအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်း(မှန်ဆောင်) အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန်က ယခင်က မြန်မာနိုင်ငံအားကစားကလောင်ရှင်မှ ယခုမြန်မာနိုင်ငံ အားကစားမီဒီယာအဖွဲ့ချုပ်ဖြစ်လာသောကြောင့် မိမိတို့အနေဖြင့် အရင်လုပ်ငန်းတွေအပြင် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာ၀န်များကို သိရှိလိုပါကြောင်း၊ အဖွဲ့ချုပ်ရုံးခန်း နေရာချထားရေးအတွက် ရှာဖွေညှိနှိုင်းထားပြီးဖြစ်ရာ အားကစားမီဒီယာရဲ့ အခန်းကဏ္ဍကို ဒီထက်ပိုမြင့်ပေးစေလိုပါကြောင်း၊ မီဒီယာနှင့် ပတ်သက်ပြီး Olympic Channel , Olympic Library များအတွက် အခမဲ့ဖြည့်ဆည်းပေးမှာဖြစ်ပါကြောင်း၊ မီဒီယာ၏အခန်းကဏ္ဍ ဆောင်ရွက်ရာတွင် အင်္ဂလိပ်ဘာသာရပ်ကိုကျွမ်းကျင်ပြီး ဘာသာပြန်နိုင်သည့်ပုဂ္ဂိုလ်များကို လည်း လိုအပ်ပါသဖြင့် ယခုဖွဲ့စည်းသော အဖွဲ့ဖြင့်လုံလောက်မှုမရှိပါက ထပ်မံဖြည့်ဆည်း နိုင်ပါကြောင်း၊ မီဒီယာနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ ချမှတ်သည့်အတိုင်း နိုင်ငံတကာနှင့် ဆက်သွယ်ရမည့်လုပ်ငန်း Marketing  လုပ်ငန်းများပါလာမည်ဖြစ်ပါကြောင်း၊ မိမိတို့ယခုပြန်လည်ပြီး ဆန်းသစ်လာမည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့်အတူ မြန်မာနိုင်ငံမီဒီယာအဖွဲ့ချုပ်မှလည်း ပူးပေါင်းပါ၀င် လာပြီး မြန်မာ့အားကစား တိုးတက်ဖို့အတွက်လည်းကောင်း၊ တစ်ပြည်လုံး ကျန်းမာကြံ့ခိုင်ရေးအတွက်လည်းကောင်း၊  တွန်းအားပေးဆောင်ရွက်နေသည့်အခါမှာ တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ ၊ အကျဉ်း ထောင်မှာရှိသော အကျဉ်းသားများ၊ မူးယစ်ဆေး၀ါးကြောင့် ကုသမှုခံယူနေသော လူငယ်များကို ကျန်းမာကြံ့ခိုင်ရေးအတွက် မိမိတို့ဆောင်ရွက်နေပါကြောင်း၊ အဖွဲ့ချုပ်အနေဖြင့်လည်း ၀ိုင်း၀န်း၍ လူငယ်တွေ့ရဲ့မှန်ကန်သော လမ်းကြောင်းတွေရလာအောင်၊ အကျဉ်းစခန်းရှိ လူငယ်များလည်း ကျန်းမာရေးအကြောင်းနှင့်အားကစားအကြောင်းနားလည်ပြီး အပြစ်ဒဏ်မှလွတ်လာသောအခါ မိသားစုနှင့်အတူ မှန်ကန်သည့် မိသားစုအဖြစ်နေထိုင်နိုင်အောင် ပြုလုပ်ဆောင်ရွက်နေပါကြောင်း၊ ထူးချွန်သည့် မြန်မာ့လက်ရွေးစင်ရွေးထုတ်ဖို့ အခန်းကဏ္ဍကလည်းအရေးကြီးသည့်အတွက် ပြည်သူလူထုပါ၀င်လာအောင် မိမိတို့နှင့်အတူ မီးမောင်းထိုးပြပြီး ကူညီဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ မြန်မာနိုင်ငံအားကစားမီဒီယာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းနှင့်အမှုဆောင်များ၊ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်း၀န်ဆွေးနွေးအကြံပြုစကားပြောကြားပြီး ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်က ဆွေးနွေးချက်အပေါ် လိုအပ်ချက်များအားပြန်လည်သုံးသတ်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်သည် ယနေ့ နေ့လယ်(၁)နာရီက ကျိုက္ကဆံအားကစားကွင်း(မှန်ဆောင်) အားကစားနှင့်ကာယပညာဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ အားကစားပညာအထူးပြုဘာသာရပ်  B.Sc(Sports) သင်ရိုးညွှန်းတမ်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်အဝေးကို တက်ရောက်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးကို ပြုလုပ်ရခြင်းမှာ အောင်မြင်အောင် ရှေ့ဆက်သွားနိုင်ရန်အတွက် ပြုလုပ်ရခြင်းဖြစ်ပါကြောင်း သင်ကြားရေးအပိုင်း၌ တာ၀န်ယူဆောင်ရွက် ပေးနေသော ဆရာ/ဆရာမကြီးများနှင့် ညှိနှိုင်းတိုင်ပင်ပြီးလုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက် သွားရန်ဖြစ်ပါကြောင်း၊ ဒီလိုဆောင်ရွက်မှုများပြုလုပ်ခြင်းဖြင့် အလားအလာ ကောင်းမွန်သောရလဒ်ကောင်းများ ထွက်ပေါ်လာမှာဖြစ်သောကြောင့် ယခုသင်ကြားပို့ချ ပေးနေသော ဆရာကြီးများမှ နောက်ပိုင်းတွင်ဆက်လက်တာ၀န် ထမ်းဆောင်နိုင်မည့် မျိုးဆက်သစ် လူငယ်လေးများထွက်ပေါ်လာအောင် မွေးမြူသွားရန်လိုအပ်ပါကြောင်း၊ ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တွင် B.Sc(Sports)ကို ဖွင့်လှစ်ထားတာဖြစ်ပြီး Department တစ်ခုထားရှိရန်လိုအပ်ပါကြောင်း၊ ဘွဲ့ချီးမြှင့်ပေးနိုင်ရန် ဘာသာရပ်ဆိုင်ရာသင်ကြားမှုများဆောင်ရွက်ပေးရန်၊ လိုအပ်ချက်များရှိပါ ဝိုင်း၀န်းပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးစေလိုပါကြောင်း တင်ပြဆွေးနွေးလိုသည့် အကြောင်းအချက်များရှိပါက တင်ပြဆွေးနွေးစေလိုကြောင်း ပြောကြားသွားခဲ့သည်။

ယင်းနောက် ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ကျွမ်းကျင်သူ ဒေါက်တာရဲတင့်လွင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးရဲထွဋ်တင်၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးမဲအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်မြင့်နှင့် တက်ရောက်လာသူများက B.Sc(Sports)ကို ရေရှည်အဆင်ပြေအောင်မြင်အောင် ဆောင်ရွက်လုပ်ကိုင်နိုင်စေရန်အတွက် သင်ကြားရေးနှင့်ပတ်သက်သည့်ဘာသာရပ်အလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်က သင်ရိုးညွှန်းတမ်းများနှင့်ပတ်သက်၍ ဆွေးနွေးချက်များအပေါ် ပြန်လည်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 


back to top Eng