skip to content

ရန်ကုန်၊ မတ်လ(၂၉)ရက်။

စင်္ကာပူနိုင်ငံတွင် မတ်လ(၂၈)ရက်မှ(၂၉)ရက်နေ့အထိ ကျင်းပခဲ့သည့်(၈ဝ)ကြိမ်မြောက် စင်္ကာပူ အလွတ်တန်းဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲ (81st  Singapore Open Track & Field Championships 2019) ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ် အားကစားသမားများ ရွှေ(၆)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့တွင် မြင့်မြင့်အေးက မီတာ(၅ဝဝဝ)၊ မီတာ(၁ဝဝဝဝ)တွင် ရွှေ(၁)ခုစီ၊ အေးအေးအောင်က မီတာ(၁၅ဝဝ)တွင် ရွှေ(၁)ခု၊ အေးအေးမြို့က မီတာ(၃ဝဝဝ) တားဆီးကျော်တွင် ရွှေ(၁)ခု၊ သန်းသန်းစိုးက (၂ဝ)ကီလိုမီတာ လမ်းလျောက်တွင် ရွှေ(၁)ခု၊ ဇာနည်ထွန်းက မီတာ(၅ဝဝဝ)တွင် ငွေ(၁)ခု၊ ဖြိုးကျော်ဇင်ဦးက မီတာ(၁၅ဝဝ)တွင် ကြေး(၁)ခု၊ အေးအေးအောင်က မီတာ(၈ဝဝ)တွင် ကြေး(၁)ခု အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။ ပြိုင်ပွဲတွင် အိမ်ရှင်စင်္ကာပူ၊ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

  

မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် နည်းပြချုပ် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ခင်၊ အသင်းအုပ်ချုပ်သူ ဦးတင်ထွန်း၊ နည်းပြ ဒေါ်အေးအေးနွယ်နှင့် အားကစားသမား(၁၁)ဦးတို့သည် ယနေ့ည(၁၁)နာရီခွဲက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးသာအောင်၊ အတွင်းရေးမှူး ဦးကျော်ထူးအောင်နှင့် အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိသူများ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

 


back to top Eng