skip to content

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေး၀န်ကြီးဌာနတို့ပူးပေါင်းကျင်းပခဲ့သည့် MFF Cup တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲမှ ထူးချွန်ကစားသမား ၁၄ ဦးမှာ မြန်မာဘောလုံး အကယ်ဒမီများတွင် တက်ရောက်သင်ကြားခွင့်ရခဲ့သည်။

ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ သု၀ဏ္ဏမြက်ခင်းတုကွင်း၌ကျင်းပခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၇ သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်စနစ်ကော်မတီသည် ယင်းပွဲ အားလုံးကိုစောင့်ကြည့်လေ့လာခဲ့ပြီး ကစားသမား ၁၄ ဦးကို အကယ်ဒမီများတွင် တက်ရောက်သင်ကြားခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ယင်းကစားသမားများတွင် ဧရာ၀တီအသင်းမှ ငါးဦး၊ မကွေးအသင်းမှ လေးဦး၊ ချင်း အသင်းနှင့် ရှမ်း(တောင်)အသင်းမှ နှစ်ဦးစီ၊ မန္တလေးအသင်းမှ တစ်ဦးတို့ပါ၀င်သည်။

ယင်းကစားသမားများမှာ ဂိုးသမား ကောင်းကင်ကြယ်(မကွေး)၊ ခွန်ကျော်သူ(ရှမ်းတောင်)၊ နောက်တန်း ဇေယျာလင်း၊ စချစ်မိုးအောင်၊ ဇော်ပိုင်ဖြိုး(ဧရာ၀တီ)၊ အောင်အောင်(မန္တလေး)၊ အလယ်တန်း ရာဇာထွန်း၊ အောင်မျိုးမင်း၊ သက်ပိုင်စိုး(မကွေး)၊ လင်းသန့်စိုပြေ(ဧရာ၀တီ)၊ ရှေ့တန်း လင်းကီးဂေ၊ ဘူနိုင်း(ချင်း)၊ စိုင်းဇေယျာကျော်(ဧရာ၀တီ)နှင့် စိုင်းကျော်ဖြိုး(ရှမ်းတောင်)တို့ ဖြစ်ကြသည်။ အလားအလာရှိသည့် ကျန်ကစားသမား ၅၃ ဦးကိုမူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီက စောင့်ကြည့်သွားမည်ဖြစ်ပြီး လူရွေးပွဲများ ထပ်မံကျင်းပကာ ပြန်လည်ရွေးချယ်မည်ဖြစ်သည်။

MFF Cup  ယူ-၁၂ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မကွေးအသင်းက ဧရာ၀တီအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ပြိုင်ပွဲအပြီးတွင် မကွေးအသင်းက ပထမ၊ ဧရာ၀တီအသင်းက ဒုတိယ၊ ရှမ်း(တောင်)နှင့် ချင်းအသင်းက ပူးတွဲတတိယဆုရခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများထွက်ပေါ်လာစေရန် တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ပြိုင်ပွဲများကို စဉ်ဆက်မပြက်ကျင်းပလျက်ရှိသည်။

Crd:ရဲ့ရင့်ရှိုင်း၊ မြန်မာ့အလင်းသတင်းစာ

 


back to top Eng