skip to content

ရန်ကုန်၊ ဧပြီလ(၂၇)ရက်။

၂ဝ၁၉ခုနှစ်၊ မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ ပြုလုပ်သည့် အဖွဲ့ချုပ်ဥက္ကဌဖလားပြိုင်ပွဲနှင့် (၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် နပန်းလူရွေးချယ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့၊ မဂင်္လာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဖွင့်ပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရဲထွန်း၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ကြသည်။

အစီအစဉ်အရ မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရဲထွန်းက အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများအား အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်ကြသည်။ ဆက်လက်ပြီး ပြိုင်ပွဲဝင် အသင်းများက အားကစားသစ္စာဓိဌာန် (၄)ချက်ရွတ်ဆိုကာ ပထမနေ့ ပြိုင်ပွဲများ စတင်ကျင်းပခဲ့သည်။

  

အဖွဲ့ချုပ်ဥက္ကဌဖလားနှင့် SEA Games လူရွေးချယ်ပြိုင်ပွဲတွင် ရန်ကုန်(သိပ္ပံ)၊ မန္တလေး(သိပ္ပံ)၊ တနင်္သာရီ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအသင်း၊ Hello Club (MMA) အသင်းနှင့် ကာကွယ်ရေးအသင်းတို့မှ ပြိုင်ပွဲဝင် အားကစားသမား (၃၉)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး အမျိုးသား(Free Style)ပြိုင်ပွဲ၊  အမျိုးသား (Greco Romon)ပြိုင်ပွဲနှင့် အမျိုးသမီး (Free Style)ပြိုင်ပွဲ(၃)မျိုး ကျင်းပပေးသွားမည်ဖြစ်ရာ အမျိုးသမီး (Free Style) ပြိုင်ပွဲ၌ (၅ဝ)ကီလိုတန်းတွင် (၄)ဦး၊ (၅၅)ကီလိုတန်းပြိုင်ပွဲတွင် (၅)ဦးနှင့် (၆၂)ကီလိုတန်းပြိုင်ပွဲတွင် (၆)ဦးတို့က လည်းကောင်း၊ အမျိုးသား (Greco Romon) ပြိုင်ပွဲ၌ (၅၅)ကီလိုတန်းပြိုင်ပွဲတွင် (၃)ဦး၊ (၆ဝ)ကီလိုတန်းပြိုင်ပွဲတွင် (၃)ဦး၊ (၆၃)ကီလိုတန်း ပြိုင်ပွဲတွင် (၃)ဦး၊ (၇၂)ကီလိုတန်း ပြိုင်ပွဲတွင် (၂)ဦး၊ (၇၇)ကီလိုတန်းပြိုင်ပွဲတွင် (၂)ဦး၊ (၈၇)ကီလိုတန်းပြိုင်ပွဲတွင် (၂)ဦး၊ အမျိုးသား (Free Style)ပြိုင်ပွဲ၌ (၅၇)ကီလိုတန်းပြိုင်ပွဲတွင် (၂)ဦး၊ (၆ဝ)ကီလိုတန်းပြိုင်ပွဲတွင် (၃)ဦး (၆၅)ကီလိုတန်းပြိုင်ပွဲတွင် (၃)ဦး၊ (၇ဝ) ကီလိုတန်း ပြိုင်ပွဲတွင် (၂)ဦး၊ (၁၂၅)ကီလိုတန်းပြိုင်ပွဲတွင် (၃)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 

 


back to top Eng