နေပြည်တော်၊ အောက်တိုဘာ (၉)ရက်။
နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားဝန်းအတွင်း GYM Fitness Centre တွင် နေပြည်တော်ရှိ ဝန်ထမ်းများ ဝင်ခွင့်ကတ်ပြုလုပ်၍ GYM ကိုယ်လက်လေ့ကျင့်ခန်းအား အောက်တိုဘာလ(၁၆)ရက်နေ့မှစ၍ (အခမဲ့)လာရောက်၍ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လာရောက်လေ့ကျင့်နိုင်ပါကြောင်း၊
အဆိုပါ GYM Fitness Centre သည် အနံပေ(၇၁)၊ အလျားပေ(၁၂ဝ)ကျယ်ဝန်းသော (၃)ထပ် (Steel Structure) အဆောက်အဦဖြစ်ပြီး (၂ဝ၁၃-၂ဝ၁၄)ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်(၂၅၇.၆၃၄)သန်း၊ (၂ဝ၁၆-၂ဝ၁၇)ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်(၄၅.၇၂၉)သန်း၊ ၂ဝ၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လဘတ်ဂျတ်တွင် (၁၃၅.ဝဝဝ)သန်း၊ (၂ဝ၁၈-၂ဝ၁၉)ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်(၁၄၅.၅ဝဝ)သန်း၊ စုစုပေါင်းကုန်ကျငွေကျပ်(၅၈၃.၈၆၃)သန်းဖြင့် ပြီးစီးအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊
အဆိုပါ (၃)ထပ် (Steel Structure) အဆောက်အဦ၏ ပထမထပ် အားကစားခန်းမအတွင်းGYM လေ့ကျင့်ခန်းအသုံးပြုရာတွင် နှလုံးလည်ပတ်မှုအားကောင်းစေရန် စက်ကိရိယာအုပ်စု၊ ကြွက်သားများကြံ့ခိုင်သန်စွမ်းမှုရှိစေရန် စက်ကိရိယာအုပ်စု၊ အခြားအားကစားနည်းအလိုက် စွယ်စုံရအသုံးပြုနိုင်သော စက်ကိရိယာအုပ်စုတစ်စုစီထားရှိပြီးဖြစ်ပါကြောင်း၊ စက်ကိရိယာပစ္စည်း(၂၆)မျိုးထားရှိပြီး စက်ကိရိယာပစ္စည်းတန်ဖိုးစုစုပေါင်း ခန့်မှန်းငွေကျပ်(၁၇၅၇)သိန်း၊GYM အခင်းပြား၊ ပေါင်ချိန်စက်၊ အသံစနစ်(Sound Box)နှင့် ကြည့်မှန်(၂)ချပ် တပ်ဆင်မှုတို့အတွက် စုစုပေါင်းကုန်ကျငွေကျပ် (၄ဝ၇.ဝ၂၅)သိန်း ကုန်ကျခဲ့ပါကြောင်းနှင့် အောက်တိုဘာလ(၁၆)ရက်နေ့မှစ၍ GYM Fitness Centre ခန်းမအား ဝန်ထမ်းများအနေဖြင့် စနစ်တကျမှတ်ပုံတင် ဝင်ခွင့်ကတ်ပြုလုပ်ပြီး (အခမဲ့)လာရောက်လေ့ကျင့်ကစားနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။