မန္တလေး၊ ဖေဖော်ဝါရီ ၂၁ ရက်
ပထမဆုံးအကြိမ်ကျင်းပပြုလုပ်မည့် ပုဂံ Road Race စက်ဘီးစီးပြိုင်ပွဲကို အခုလ ၂၃ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးစီးအားကစားအဖွဲ့ချုပ်မှ သိရသည်။
မြန်မာနိုင်ငံစက်ဘီးအားကစား အဖွဲ့ချုပ် (MCF) နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ပူးပေါင်းကာ ပထမဦးဆုံးအကြိမ်မြောက် ပုဂံ Road Race တာဝေး စက်ဘီးစီးပြိုင်ပွဲကြီးကို ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။
ပုဂံ Road Race တာဝေး စက်ဘီးစီးပြိုင်ပွဲကြီးကို ပြိုင်ပွဲလမ်းကြောင်းများ စမ်းသပ်ရန်နှင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့် ပထမဦးဆုံးအကြိမ်မြောက် “တရုတ်-မြန်မာ ချစ်ကြည်ရေး စက်ဘီးစီး ပြိုင်ပွဲ” ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံရှိ ထိပ်တန်းစက်ဘီးစီး အားကစားသမားများ တာဝေးပြိုင်ပွဲ အတွေ့အကြုံ ကြိုတင်ရရှိစေရန် အဓိကရည်မှန်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။
"အခုကျင်းပပြုလုပ်တဲ့ ပထမဦးဆုံးအကြိမ်မြောက် ပုဂံ Road Race တာဝေးစက်ဘီးစီး ပြိုင်ပွဲကြီးဟာ နောက်ပိုင်း နိုင်ငံတကာ တာဝေးစက်ဘီးစီးပြိုင်ပွဲတွေကို မြန်မာနိုင်ငံမှာလက်ခံကျင်းပနိုင်ဖို့ ပြင်ဆင်နေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံစက်ဘီးအားကစားအဖွဲ့ချုပ်အတွက် အရေးကြီးတဲ့ပြိုင်ပွဲတစ်ခုပါ။ အခုလို စက်ဘီးစီးပြိုင်ပွဲတွေ ကျင်းပပြုလုပ်တဲ့အတွက် ပုဂံလိုမျိုး ခရီးသွားဧည့်သည်တွေ အဓိကလာရောက်လည်ပတ်ကြတဲ့ မြို့ကြီးတွေမှာ အားကစားနယ်ပယ်ဆိုင်ရာ ခရီးသွားလာရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးလာစေဖို့ တစ်ထောင့်တစ်နေရာက ကူညီပေးနိုင်မှာလည်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံစက်ဘီးအားကစားအဖွဲ့ချုပ်၊ အတွင်းရေးမှူး၊ ဦးကျော်မင်းသန်း က ပြောသည်။
အဆိုပါ တာဝေး စက်ဘီးစီးပြိုင်ပွဲကြီးတွင် နိုင်ငံကိုယ်စားပြု ပရော်ဖက်ရှင်နယ် စက်ဘီးအားကစားသမားများအပါအဝင် ပြည်တွင်း၊ ပြည်ပ စက်ဘီးစီး အားကစားဝါသနာရှင်ပေါင်း(၇၀)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ခန့်မှန်းထားသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ သာယာလှပသည့်ဒေသများကို ဖြတ်သန်းယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲလမ်းကြောင်းအမျိုးမျိုးဖြင့် နှစ်ရက်တာအတွင်း စုစုပေါင်း(၂၆၀)ကီလိုမီတာ စီးနင်းယှဉ်ပြိုင်ကြရမည် ဖြစ်သည်။
ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကျင်းပမည့် ပထမ ပြိုင်ပွဲလမ်းကြောင်းမှာ ပုဂံ - မြင်းခြံ - ပုဂံ (၁၄၀ ကီလိုမီတာ) - စက်ဘီးစီး ပြိုင်ပွဲဝင်များသည် နံနက် ၇ နာရီတွင် ပုဂံမြို့မှ စတင်ထွက်ခွာရမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအနီး ဧရာဝတီမြစ်တစ်လျှောက်ရှိ လမ်းမကြီးများတွင် စီးနင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ မြင်းခြံမြို့သို့ရောက်ရှိပါက စက်ဘီးစီးပြိုင်ပွဲဝင်များသည် မြင်းခြံမြို့နာရီစင်မှပတ်ပြီး ပုဂံမြို့သို့ ပြန်လည်စီးနင်းကာ ပန်းဝင်ကြရမည် ဖြစ်ပါသည်။
ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကျင်းပမည့် ဒုတိယပြိုင်ပွဲလမ်းကြောင်း၊ ပုဂံ - ကျောက်ပန်းတောင်း - ပုပ္ပါးတောင် အမျိုးသားဥယျာဉ် - ပုဂံ (၁၂၀ ကီလိုမီတာ) - စက်ဘီးစီးပြိုင်ပွဲဝင်များသည် နံနက် ၇ နာရီတွင် ပုဂံမြို့မှ စတင်ထွက်ခွာရမည်ဖြစ်ပြီး ကျောက်ပန်းတောင်းမြို့သို့ ညောင်ဦး - ကျောက်ပန်းတောင်းလမ်းမှ စီးနင်းရမည်ဖြစ်သည်။ ကျောက်ပန်းတောင်းမြို့သို့ရောက်ရှိပါက စက်ဘီးစီးပြိုင်ပွဲဝင်များသည် ကျောက်ပန်းတောင်း - မြင်းခြံလမ်းမှတစ်ဆင့် ပုပ္ပါးတောင် အမျိုးသားဥယျာဉ်သို့ စီးနင်းရမည်ဖြစ်သည်။ ပုပ္ပါးတောင် အမျိုးသားဥယျာဉ်သို့ ရောက်ရှိပြီးပါက စက်ဘီးစီးပြိုင်ပွဲဝင်များသည် ညောင်ဦး - ကျောက်ပန်းတောင်းလမ်းသို့ ပြန်လည်စီးနင်း၍ ပုဂံမြို့တွင် ပန်းဝင်ကြရမည်ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ စက်ဘီးအားကစားအဖွဲ့ချုပ်သည် ပုဂံ-မိတ္ထီလာ တစ်ရက်တာ အမျိုးသား စက်ဘီးစီး တံခွန်စိုက်ပြိုင်ပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲအတွေ့အကြုံကို အခြေခံပြီး မြန်မာနိုင်ငံ စက်ဘီးအားကစားအဖွဲ့ချုပ်သည် ပြိုင်ပွဲလမ်းကြောင်း နှစ်မျိုးယှဉ်ပြိုင်ရမည့် ပုဂံ Road Race တာဝေးစက်ဘီးစီးပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အကောင်းဆုံးစံချိန်ဖြင့် ပန်းဝင်ခဲ့သည့် ပြိုင်ပွဲဝင် (၂၀)ဦးစီအတွက် စုစုပေါင်း ဆုငွေကျပ် (၂,၇၅၀,ဝ၀ဝ) ဆု ချီးမြှင့်ပေးမည် ဖြစ်ကြောင်းသိရသည်။