skip to content

တံတားဦး မတ် ၂၄ရက်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တံတားဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ခရီးရှည်တောင်တက် စက်ဘီးစီးပြိုင်ပွဲကို မတ် ၂၄ ရက် နံနက် ၇ နာရီက တံတားဦးမြို့ မဟာဆေးအိုးဖိုဘုရားရှေ့စုရပ်နေရာ၌ ကျင်းပရာ သက်တမ်းအလိုက် စက်ဘီးစီးအားကစားမောင်မယ် ၆ဝဝ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အမှာစကားပြောကြား

စက်ဘီးစီးပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝေဇင်နှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံနှင့် တံတားဦးမြို့နယ် စက်ဘီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထာသူများ၊ ပြိုင်ပွဲပံ့ပိုးအလှူရှင်များ၊ စက်ဘီးအားကစားဝါသနာရှင်ပြည်သူများ၊ စက်ဘီးဒိုင်လူကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမှာစကားပြောကြား၍ သက်တမ်းအလိုက် စက်ဘီးစီးပြိုင်ပွဲကို အချက်ပြသေနတ်ပစ်ဖောက်ကာ တာလွှတ်ပေးလိုက်သည် နှင့်တစ်ပြိုင်နက် ပြိုင်ပွဲဝင်စက်ဘီးစီးသမားများက သက်တမ်းများအတိုင်း စုရပ်မှ တံတားဦးမြို့ မြို့သာကားလမ်း သတ်မှတ်လမ်းကြောင်းအတိုင်း တောင်တလုံးကျေးရွာရှိ တောင်တလုံးတောင်ပေါ် ပန်းဝင်နေရာသို့ ယှဉ်ပြိုင်စီးနင်းပန်းဝင်ခဲ့ကြရာ စီးနင်းသည့်လမ်းတစ်လျှောက်တွင် ဒေသခံပြည်သူများက အားပေးကြသည်။

ဆုများပေးအပ်ချီးမြႇင့်

ထို့နောက် ပြိုင်ပွဲအပြီး ဆုချီးမြႇင့်ပွဲ ဆက်လက်ကျင်းပရာ ရှေးဦးစွာပြိုင်ပွဲပံ့ပိုးကူညီကြသည့် အလှူရှင်များအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီနှင့် ဦးဝဏ္ဏအောင်တို့က ဂုဏ်ပြုလွှာများ ချီးမြႇင့်ပေးအပ်ပြီး သက်ငယ်တန်းပြိုင်ပွဲတွင် အထူးဆုရရှိသူများ၊ သက်တမ်းအလိုက် အမျိုးသား/အမျိုးသမီးဆုအသီးသီး ရရှိသူများ၊ အလွတ်တန်းပြိုင်ပွဲတွင် ပထမဆုရ မောင်နေမျိုးဆက်၊ ဒုတိယဆုရ စိုးကြီး၊ တတိယဆုရ ဖိုးလုံး၊ စတုတ္ထဆုရ သားပေါက်နှင့် ပဉ္စမဆုရ တေဇာလင်းတို့ကို တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေးက ဆုချီးမြႇင့်ပြီး ကျန်ဆုရရှိသူများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စိုးနွယ်အေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အား/ကာ ညွှန်ကြားရေးမှူး ဦးဝေဇင်နှင့် စက်ဘီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြႇင့်ခဲ့ကြကြောင်း သိရသည်။

 

ကြေးမုံသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။


back to top Eng