မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၇
ကချင်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် ဥက္ကဌဖလား၊ မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ၌ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ရာ ယနေ့ မွန်းလွဲ ၂ နာရီတွင် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယအကြိမ်ဥက္ကဌဖလား၊ မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မိုးလုံလေလုံအားကစားခန်းမရှေ့၌ ကျင်းပရာ ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဆပ်ကော်မတီဥက္ကဌ လူမှုရေး၀န်ကြီး ဒေါက်တာသင်းလွင်နှင့် ကချင်ပြည်နယ်ရိုးရာ လက်ဝှေ့ဆပ်ကော်မတီဥက္ကဌ ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်၀န်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက အားကစားခန်းမ အတွင်း ပထမပွဲစဉ်အဖြစ် အာရှကျည်ဆံ(ဆည်ဆံနဂါး)နှင့် အောင်ဟိန်းကျော်(ဇေယျာ)တို့ ယှဉ်ပြိုင်ထိုးသတ်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်၀န်ကြီးချုပ်က ဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဒီဇင်ဘာ ၂၇ ရက်တွင် တွဲဆိုင်း ၁၂ ဆိုင်း ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကာ ၀င်ကြေးအခမဲ့ဖြင့် ကြည့်ရှုခွင့်ရမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် မြန်မာ ဗျဂ္ဃနှင့် ထိုင်းမှ ဆမ်ခွန်၊ မြန်မာမှ နိုင်ဘိုနှင့် ထိုင်းမှ ပု(စ်)တဲ၊ မြန်မာမှ ရွှေရာမန်နှင့် ထိုင်းမှ ဒွန်ဆန်ပေါင်တို့ တွဲဆိုင်းများအပါအ၀င် မြန်မာ့လက်ဝှေ့ကလပ် အသင်းများမှ တွဲဆိုင်းများဖြင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဂျင်ဆိုမင် အဆင့်မြင့်အားဆေးမှ အဓိကပံ့ပိုးကူညီကျင်းပပေးကြောင်းသိရသည်။
ကြေးမုံသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်