skip to content

နေပြည်တော်၊ အောက်တိုဘာ (၁၆)ရက်။                

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြ သင်တန်းအဆင့်(၁) IAAF CECS  Level-1 Course သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံ နက်(၈)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သော IAAF CECS  Level-1 Course သင်တန်းသည် မြန်မာ့ပြေးခုန်ပစ် အားကစားတိုးတက် မြင့်မားလာစေရေးအတွက် နိုင်ငံတကာအဆင့်မီနည်းပြများ ပေါ်ထွက်လာစေရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ တစ်ချိန်ကပြေးခုန်ပစ်အားကစားနည်းသည် ရွှေအများဆုံး ရယူပေးနိုင်သော အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်၊ နည်းပြများ၊ အားကစားသမားများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာ မြန်မာ့ပြေးခုန်ပစ်အားကစား နိုင်ငံတကာတွင် ဦးမော့လာမှာဖြစ်ပါကြောင်း၊  နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ဆောင်ရွက်ရသည့် ပြေးခုန်ပစ်အားကစားနည်းများကို ခေတ်နှင့်အညီ သိပ္ပံနည်းကျ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြေးခုန်ပစ်အားကစားနည်းတွင် လိုအပ်သော အထောက်အကူပြုပစ္စည်းများ၊ အားဆေးများ၊ အစားအသောက်များကို ကူညီထောက်ပံ့ ပေးနေပါကြောင်း၊ အားကစားနှင့်ပတ်သက်သည့် နိုင်ငံတကာ အသိအမှတ်ပြုဥပဒေ၊ မြန်မာနိုင်ငံတည်ဆဲဥပဒေများကိုလည်း သိရှိလိုက်နာနိုင်ရေး သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ ယနေ့သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/ သင်တန်းသူ များအနေဖြင့် မိမိတို့တွင်ရှိ်သော အရည်အချင်းများနှင့် သင်တန်းမှပို့ချသော စာတွေ့ လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အထူးကြိုးစား လေ့ကျင့်သင်ကြား ကြစေလိုကြောင်း၊ အရည်အချင်းပြည့်ဝသောနည်းပြကောင်းများ ပေါ်ထွက်လာပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ မွေးထုတ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင်သင်ခန်းစာပို့ချမည့် သင်တန်းနည်းပြဆရာ များအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင်မှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာတွင် ယခု ဖွင့်လှစ်သောသင်တန်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် အာရှပြေးခုန်ပစ်အဖွဲ့ချုပ် တို့ကူညီပံ့ပိုးမှုဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများ အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြေးခုန်ပစ်အားကစားဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုသင်တန်းတွင်ထူးချွန်သော သင်တန်းသား/သင်တန်းသူများကို ပြည်ပနိုင်ငံများတွင်ဖွင့်လှစ်မည့် အဆင့်မြင့်  Level ဆက်လက်တက် ရောက်စေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ သင်တန်းကို သင်တန်းသား(၁၇)ဦး၊ သင်တန်းသူ(၇)ဦး၊ စုစုပေါင်းသင်တန်းသား/သင် တန်းသူ(၂၄)ဦးဖြင့် (၁၆.၁ဝ.၂ဝ၁၉)ရက်နေ့မှ (၂၇.၁ဝ.၂ဝ၁၉)ရက်နေ့အထိ သင်တန်းကို ဖွင့်လှစ်သင် ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


back to top Eng