မကွေး ဒီဇင်ဘာ ၆မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား၂၅ မြို့နယ် အသက်(၂၁ နှစ်) အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုမကွေးခရိုင် အားကစားကွင်း၌ ယမန် နေ့က ဗိုလ်လုပွဲအဖြစ် ပေါက်မြို့နယ် အသင်းနှင့် ဆိပ်ဖြူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာပေါက်မြို့ နယ်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး တံခွန်စိုက်ဆုဖလား ရရှိကာ ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပသည်။
မြန်မာ့ဘောလုံး အားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မားရေးကိုအထောက်အကူပြုစေရေး၊ တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံး အားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှု စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမို ထွန်းကားလာစေရေးနှင့် ထူးချွန်ထက် မြက်သည့် မျိုးဆက်သစ်လူငယ်သွေး သစ် ဘောလုံးအားကစားသမားများပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ သက်တန်းအလိုက် အားကစားပြိုင်ပွဲ များကို ကျင်းပပေးလျက်ရှိရာ ပြိုင်ပွဲ များကို ဒီဇင်ဘာ ၁၉ ရက်ကစတင်၍ မြို့နယ် ၂၅ မြို့နယ်မှ ဘောလုံးအသင်း များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ တွင် ပထမဆုကို ပေါက်မြို့နယ် အသင်း၊ ဒုတိယဆုကို ဆိပ်ဖြူမြို့နယ်၊ တတိယဆုကို မင်းဘူးမြို့နယ်နှင့် ချောက်မြို့နယ်အသင်းတို့က ပူးတွဲရရှိ ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဖလား၂၅ မြို့နယ်(၂၁ နှစ်) အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲ တွင် ပထမဆု ဆွဲပြား၊ ဆုကလပ်နှင့် ငွေကျပ် ခုနစ်သိန်း၊ ဒုတိယဆု ဆွဲပြား၊ ဆုကလပ်နှင့် ငွေကျပ် ငါးသိန်း၊ ပူးတွဲ တတိယဆုရရှိသောအသင်းများကို ဆွဲပြား၊ ဆုကလပ်နှင့် ငွေကျပ် နှစ်သိန်းခွဲစီနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုနှင့် အတန်းလိုက် အကောင်းဆုံး အားကစားသမားဆု ရရှိသူများကို တစ်ဦးလျှင် ဆွဲပြား၊ ဆုကလပ်နှင့် ငွေကျပ် နှစ်သောင်းစီတို့အား တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးနှင့် တာဝန်ရှိသူတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)