skip to content

ငါန်းဇွန် ဒီဇင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့၌ ယမန်နေ့ နံနက် ၅ နာရီက ပြည်သူများ ကျန်းမာကြံ့ခိုင် ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာလ လူထုစုပေါင်း လမ်းလျှောက်ပွဲ (တတိယပတ်)ကျင်းပသည်။

ရှေးဦးစွာ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌ စုရပ်ထားပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေဝင်းမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဆန်းဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ NGO အဖွဲ့အစည်း များနှင့် ဒေသခံပြည်သူများ ပေါင်းစု၍ တစ်မိုင်ခွဲ ကွာဝေးသော ညောင်ချင်း ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းအထိ စုပေါင်း လမ်းလျှောက်ကြသည်။

 

ထို့နောက် ညောင်ချင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းဝင်း အတွင်း၌ မြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်မိုးဟိန်းနှင့် ဝန်ထမ်းများ၏ ဦးဆောင် သရုပ်ပြမှုဖြင့် လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ပူးပေါင်းပါဝင် ဆင်နွှဲကြသူများအားလုံးသည် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပျော်ရွှင်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပြီး ညောင်ချင်း ကျေးရွာမှ ငါန်းဇွန်မြို့သို့ ပြန်လည် လမ်းလျှောက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)

 


back to top Eng