skip to content

မိတ္ထီလာ ၃၁  ဒီဇင်ဘာ

မိတ္ထီလာမြို့ ဓမ္မသုခ ရွှေစည်းခုံစေတီတော်အနီး ပြည်သူ့ရင်ပြင်တွင် ဝင်းမာလာ ဖက်ရှင်စတိုး မိသားစု၏ ဦးဆောင်ပံ့ပိုးကူညီမှုဖြင့် ကိုယ်လက်လှုပ်ရှား (Zumba)အကနှင့် ယောဂလေ့ကျင့်ခန်းများကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၆ နာရီက လူ ၈ဝဝ ခန့်စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

“မိတ္ထီလာဒေသခံတွေအနေနဲ့ စုပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေနဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုကို လေ့လာလိုက်စားသင့်တယ်ဆိုတဲ့ အသိကို ပေးချင်လို့ ပြုလုပ်တာဖြစ်ပါတယ်။ နောက်တစ်ခုက ဓမ္မသုခရွှေစည်းခုံစေတီတော်အနီးက ဒေသအခေါ် ပြည်သူ့ရင်ပြင်နေရာမှာ ဒေသခံတွေ နံနက်တိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်တာမျိုး၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာမျိုးတွေ ပြုလုပ်နေပြီး ဒီရင်ပြင်နေရာ ပျက်စီးယိုယွင်းလာတာကို တာဝန်ရှိသူတွေရော၊ ဒေသခံတွေရော ဝိုင်းဝန်းထိန်းသိမ်းပြုပြင်ကြဖို့လည်း မြင်တွေ့စေချင်တာကြောင့် ဒီနေရာမှာ အခုလို လူထုစုပေါင်းကျန်းမာရေးလှုပ်ရှားမှုကို ပြုလုပ်တာဖြစ်ပါတယ်”ဟု  အဆိုပါ စုပေါင်းကျန်းမာရေးလှုပ်ရှားတွင်  ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးအောင်ဆန်းထွန်းက ပြောသည်။

စုပေါင်းကျန်းမာရေးလှုပ်ရှားမှုတွင် ရန်ကုန်မြို့မှ Zumba အကအဖွဲ့ဝင်များနှင့်အတူ ကျန်းမာရေး ကိုယ်လက်လှုပ်ရှားမှု အကများကို စုပေါင်းကကြပြီး ယောဂဆရာမ စုပုံချစ် ဦးဆောင်၍ ယောဂလေ့ကျင့်ခန်းများကို စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)


back to top Eng