မိုးမိတ်၊ မတ် ၂၉
နွေရာသီ အားကစားနည်း အခြေခံသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်(မြောက်ပိုင်း) မိုးမိတ်မြို့ မြို့မပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး ကာယညဏအားကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ မူယစ်ဆေးဝါးများနှင့် မကောင်းသော အမူအကျင့်များတွင် စိတ်မရောက်စေရန်၊ တိုးတက်ပြောင်းလဲလာသော အားကစားနည်းအသစ်များကို နောက်ကျမကျန်စေဘဲ အားကစားနည်းများကို စနစ်တကျ လေ့လာလိုက်စားတတ်စေရန်နှင့် မိုးမိတ်မြို့၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သင်တန်းများကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများအား ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးလွင်က သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ခဲ့ပြီး မြန်မာ့သိုင်း သင်တန်းသား၊ သင်တန်းသူများက သိုင်းသရုပ်ပြခြင်း၊ အေရိုဗစ် သင်တန်းသူများက Dance အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
သင်တန်းတွင် အားကစားနည်း (၁၀)မျိုးကို သင်ကြားပို့ချပေးခဲ့ပြီး အခြေခံသင်တန်းကို မတ် ၁ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။