skip to content

 

ရန်ကုန်  ၁၄  ဇန်နဝါရီ

မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာ‌စေရန် ရည်ရွယ်၍ Urban Cue Billiards and Snooker Club မှ ဒုတိယအကြိမ်မြောက် ကြီးမှူးကျင်းပမည့် 2020 Urban Cue Snooker Championship ပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်တွင် ရန်ကုန်မြို့ ၄၈ လမ်းရှိ Urban Asia Center ၌ ကျင်းပမည်ဖြစ်ကြောင်း  သိရသည်။

အဆိုပါပြိုင်ပွဲနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ ၄၈ လမ်းရှိ Urban Asia Center ၌ ပြုလုပ်ခဲ့ရာ Urban Cue မန်နေဂျာ ကိုဟိန်းလွင်မိုးက "စနူကာကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် ရည်ရွယ်ပြီး မျိုးဆက်သစ်အားကစားသမားတွေ ပေါ်ထွက်လာဖို့နဲ့ လက်ရှိကစားသမားတွေအတွက်လည်း အထောက်အပံ့ဖြစ်အောင် ကျင်းပရခြင်း ဖြစ်ပါတယ်။  မနှစ်ကပွဲလုပ်တာ အားကစားလောကအတွက် အထောက်အပံ့အများကြီး ဖြစ်ပါတယ်။ မနှစ်က ဆုရတဲ့သူတွေ လက်ရွေးစင်ကစားသမားတွေ ဖြစ်ကြတယ်။ ဒီထက်မက အောင်မြင်အောင် ကြိုးစားသွားမှာပါ" ဟု ပြောသည်။

အဆိုပါပြိုင်ပွဲတွင် ကစားသမားများအား အသက်အရွယ် ကန့်သတ်ထားခြင်းမရှိဘဲ အလွတ်တန်း အမှတ်အကျောပေး စနစ်ဖြင့် အတန်း‌လေးတန်းခွဲကာ ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ဝါသနာရှင်မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး လက်ရွေးစင်ကစားသမားများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

"ပြိုင်ပွဲမှာ အတန်းလေးတန်းခွဲတာက လက်ရွေးစင် ကစားသမားတွေရော ရွက်ပုန်းသီး ကစားသမားတွေလည်း ပါမှာဆိုတော့ အတန်းလေးတန်း ခွဲလိုက်တယ်။ တစ်တန်းကို ၁၅ မှတ်ကွာသွားမယ်။ တစ်အတန်းကတော့ အမြင့်ဆုံးပေါ့။ တစ်နဲ့ နှစ်တွေ့ရင် ၁၅ မှတ်၊ တစ်နဲ့သုံးတွေ့ရင် ၃၀ မှတ်၊ တစ်နဲ့ လေးတွေ့ရင် ၄၅ မှတ်ဆိုပြီး အတန်းမြင့်တဲ့သူက အမှတ်ကျောပေးစနစ်နဲ့ ယှဉ်ပြိုင်သွားမှာပါ"ဟု မန်နေဂျာ ကိုဟိန်းလွင်မိုးက ဆက်လက်ရှင်းပြသည်။

အဆိုပါ စနူကာချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆုကြေးများအဖြစ် ချန်ပီယံဖြစ်သူအား ကျပ် ၂၅ သိန်း၊ 1st Runner up ကျပ် ၁၅ သိန်း၊ 2nd Runner up အား ကျပ် ၁၀ သိန်း အပြင် Maximum Break ကို ထိုးနိုင်သည့် ရမှတ်အများဆုံးရ ကစားသမားကို ကျပ် သိန်း ၅၀ ချီး မြင့်သွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပါဝင်လိုသူများအနေဖြင့် ရန်ကုန်မြို့မှ လျှောက်ထားသူများအတွက် ဇန်နဝါရီ ၂၈ ရက်နှင့် နယ်မြို့များမှ လျှောက်ထားသူများအတွက် ဇန်နဝါရီ ၂၆ ရက်အထိ နောက်ဆုံးသတ်မှတ်ကာ Urban Cue ဆိုင်ခွဲတိုင်းတွင် စာရင်းပေးသွင်း လျှောက်ထားနိုင်ပြီး နယ်မှကစားသမားများအတွက် နေစရာအဆောင် စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနူကာပြိုင်ပွဲအား ယမန်နှစ်က အနယ်နယ်အရပ်ရပ်မှ  စနူကာကစားသမား အယောက် ၈၀ ကျော်၀င် ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း  သိရသည်။

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး


back to top Eng