ရန်ကုန် ဒီဇင်ဘာ ၁၀
မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်မည့် ၂၀၂၀ AFC Cup ပြိုင်ပွဲ အုပ်စုများ ထွက်ပေါ်လာပြီဖြစ်သည်။ မြန်မာကလပ်အသင်းများအနက် အမှတ်ပေးချန်ပီယံအသင်းမှာ အုပ်စု အဆင့်မှ ကစားရမည်ဖြစ်ပြီး ရှုံးထွက်ချန်ပီယံအသင်းမှာ ခြေစစ်ပွဲအဆင့်မှ စတင်ကစားရကာ အနိုင်ရပါက အုပ်စုအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ် သည်။ ၂၀၁၉ ရာသီ MNL အမှတ်ပေး ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ် ပထမအဆင့် ခြေစစ်ပွဲကစားရမည်ဖြစ်ပြီး ခြေစစ်ပွဲအဆင့် သုံးဆင့်ကစားကာ ခြေစစ်ပွဲအောင်မြင်ပါက AFC CUP တွင် အမှတ်ပေးပြိုင်ပွဲ ဒုတိယရသည့် ဧရာဝတီအသင်းက အစားထိုးယှဉ်ပြိုင်ရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ မအောင်ပါက AFC Cup ၌သာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာရှ ဘောလုံးအဖွဲ့ချုပ်သည် AFC Cup ပြိုင်ပွဲကို ယခင်ပုံစံအတိုင်း ဇုန်အလိုက် ခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ်အသင်းများသည် အာဆီယံဇုန်တွင် ပါဝင်နေသည်။ အုပ်စုခွဲဝေထားမှုအရ အာဆီယံဇုန် အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို)၊ ရန်ကုန် (မြန်မာ) (သို့) အင်ဒရာ(ဘရူနိုင်း)၊ အုပ်စု(G) တွင် ဆီရက်စ်(ဖိလစ်ပိုင်)၊ ထန်ကွမ်နင် (ဗီယက်နမ်)၊ အင်ဒိုနီးရှားကလပ်၊ ကမ္ဘောဒီးယား/လာအို ခြေစစ်ပွဲမှ အနိုင်ရသည့်အသင်း၊ အုပ်စု (H) တွင် တမ်ပနိစ်ရိုဗာ/ ဂေးလန်း (စင်ကာပူ)၊ ကာယာ (ဖိလစ်ပိုင်)၊ ရှမ်းယူနိုက်တက်/ ဧရာဝတီ (မြန်မာ)၊ နှင့် မာကာဆာ (အင်ဒိုနီးရှား)/ လာလီနော့ယူနိုက်တက် (တီမော) တို့ ပါဝင်နေသည်။ ရန်ကုန် အသင်းသည် ဘရူနိုင်းကလပ် အင်ဒရာအသင်းနှင့် ခြေစစ်ပွဲ နှစ်ကျော့ ကစားရမည်ဖြစ်ပြီး အနိုင်ရသည့်အသင်းမှာ အုပ်စု (F) တွင် ပါဝင်ခွင့်ရမည် ဖြစ်သည်။
ရန်ကုန်အသင်းသည် ခြေစစ်ပွဲကို ဇန်နဝါရီ ၂၂ ရက်တွင် အဝေးကွင်း ကစားရမည်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်တွင် အိမ်ကွင်းကစားရမည် ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲတွင် ပထမ အဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းနှင့် ဇန်နဝါရီ ၁၄ ရက်တွင် အဝေးကွင်း ကစားရမည်ဖြစ်သည်။
AFC Cup ပြိုင်ပွဲ ကျင်းပသည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးသုံးသင်း၊ အကောင်းဆုံးအုပ်စု ဒုတိယနေရာရ တစ်သင်းတို့မှာ အာဆီယံဇုန်ဆီမီး ဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ဇုန်တွင် ဗိုလ်စွဲသည့်အသင်းသာ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ မြန်မာကလပ် အသင်းများတွင် အအောင်မြင်ဆုံးအသင်းမှာ ရန်ကုန်အသင်းဖြစ်ပြီး အာဆီယံဇုန် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ရှမ်းအသင်းသည် AFC Cup ပြိုင်ပွဲ နှစ်ကြိမ်၊ အာရှချန်ပီယံလိဂ်အကြို ခြေစစ်ပွဲတစ်ကြိမ် ယှဉ်ပြိုင်ထားသည်။
ညီမြတ်သော်တာ