skip to content

နေပြည်တော်၊ စက်တင်ဘာလ(၂၆)။        

မြန်မာနိုင်ငံအမျိုးသားအားကစားဥပဒေ(မူကြမ်း) အတည်ပြုရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း မြန်မာနိုင်ငံအိုလံပစ် ကော်မတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့်အတူ ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေစိစစ်အကြံပြုရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာ၀န်ရှိသူများ တက်ရောက်ကြပါသည်။

အစီအစဉ်အရ ဒုတိယ၀န်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော အစည်းအဝေးသည် မြန်မာနိုင်ငံအမျိုးသားအားကစားဥပဒေ(မူကြမ်း) အတည်ပြုရေးဆွဲပြဌာန်းနိုင်ရေးအတွက် အစည်းအဝေး တက်ရောက်လာကြသူအားလုံး ဝိုင်း၀န်းအကြံပြုဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသားအားကစားဥပဒေမူကြမ်းအားရေးဆွဲရာ အချိန်ကြာမြင့်ပြီ ဖြစ်သောကြောင့် အကောင်းဆုံးပြင်ဆင်ရေးဆွဲနိုင်ရေးတွင် (International Olympic Committee) အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီမှ အကူအညီများ၊ အကြံဉာဏ်များရယူခဲ့ပါကြောင်း၊

ထိုသို့ အကြံဉာဏ်ရယူခြင်းမှ (IOC)မှ အားကစားအဖွဲ့ချုပ်တွေအပေါ်ထားရှိသည့် မူ၀ါဒနှင့်အညီ လိုက်လျောညီထွေမှုရှိစေရန်အတွက်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဥပဒေပညာရှင်များနှင့် (IOC) မှဥပဒေပညာရှင်တို့အမြင် အပြန်အလှန် Email ဖြင့် အကြိမ်ကြိမ်ဆက်သွယ်မှုပြုလုပ်ပြီး နောက်ဆုံးရေးဆွဲထားသော မူကြမ်းဖြစ်ပါကြောင်း၊ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးဆွဲထားပါကြောင်း၊ အဆိုပါမူကြမ်းအား ယခုအစည်းအဝေး၌ ဝိုင်း၀န်းဖြည့်စွက် အကြံပြုဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ ထွက်ရှိလာသောနောက်ဆုံးမူကြမ်းအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြသွားမည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် လွှတ်တော်သို့ အတည်ပြုချက်ရယူရမည်ဖြစ်ပြီး၊ အတည်ပြုချက်ရရှိပြီးပါက မြန်မာနိုင်ငံအမျိုးသားအားကစားဥပဒေ(မူကြမ်း) ပထမဆုံးအကြိမ်ထွက်ပေါ်လာကာ အသက်၀င် လှုပ်ရှားလာမှာဖြစ်ပါကြောင်း၊ တစ်ဆက်တည်းမှာဘဲ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ရွေးချယ်ဖွဲ့စည်းနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအားကစားနှင့်ကာယပညာကော်မတီကို တစ်ပြိုင်တည်းဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များသည် မြန်မာနိုင်ငံအိုလံပစ်ကော်မတီလက်အောက်မှ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံအားကစားနှင့်ကာယပညာကော်မတီများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ၀န်ကြီးချုပ်များနှင့်ပူးပေါင်းပြီး တိုင်း/ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာအသီးသီး မြန်မာအားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး ရှေးရှု၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခင်ကတည်းကလည်း ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်းနှင့် နိုင်ငံ၏အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ဦးတည်ရှေးရှုပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြန်မာအားကစားဆုတံဆိပ်များကို အိုလံပစ်ပြိုင်ပွဲဆုတံဆိပ်ရရှိရန်အဆင့်ဆင့်ကြိုးစားနိုင်ရေးအတွက် ယနေ့ရေးဆွဲထားသော ဥပဒေမူကြမ်းလိုအပ်ချက်များကို ဝိုင်း၀န်းပြီးအပြုသဘောဆောင်ပြီး အကြံဉာဏ်များဖြင့် ဖြည့်စွက်အကြံပြုကြပါရန် ပြောကြားခဲ့ပါသည်။

  

ဆက်လက်၍ မြန်မာနိုင်ငံအားကစားဥပဒေ အကြံပေးပညာရှင် မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်မှ ဥပဒေမူကြမ်းအား ဖတ်ကြားရှင်းလင်းတင်ပြပါသည်။ ထို့နောက် အစည်းအေ၀းတက်ရောက်ကြသော ဥပဒေပညာရှင်များ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဋ္ဌများ ဝိုင်း၀န်းအကြံပြုဆွေးနွေးကြရာ မြန်မာနိုင်ငံအမျိုးသားအားကစားဗဟိုကော်မတီအဖွဲ့၀င် များတွင် မသန်စွမ်းအားကစားနည်းကို အထောက်အကူပြုနိုင်ရေး၊ လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီး(သို့မဟုတ်) ဒုတိယ၀န်ကြီးအား ထည့်သွင်းဖွဲ့စည်းနိုင်ရေး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဖွဲ့စည်းရန် မူဝါဒချမှတ်ရေးဆွဲနိုင်ရေးကိစ္စရပ်များ၊ အားကစားနှင့် စပ်လျဉ်း၍ ရရှိသော၀င်ငွေခွန်ပေါ်၌ ကင်းလွတ်ခွင့်ရရှိသည့်ကိစ္စရပ်များ၊ အားကစာအဖွဲ့ချုပ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖော်ပြပေးရန်ကိစ္စရပ်များ မြန်မာနိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ အားကစားကော်မတီဖွဲ့စည်းခွင့်ဆိုင်ရာကိစ္စရပ်များ၊ အားကစားအဖွဲ့ချုပ်များရှိ အားကစားကလပ်အသင်းများ ဖျက်သိမ်းရေးဆွဲရန်ကိစ္စရပ်များ စသည့်ဥပဒေများကို ဖြည့်စွက်ရေးဆွဲနိုင်ရေး ဝိုင်း၀န်း အကြံပြုဆွေးနွေးရာ ဒုတိယ၀န်ကြီးနှင့် ဥပဒေပညာရှင်များ ဖြေရှင်းဆွေးနွေး အကြံပြုကြပါသည်။

ထို့နောက် ဒုတိယ၀န်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုဥပဒေမူကြမ်းသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဦးတည်၍ မြန်မာအားကစားဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ပြီး မြန်မာပြည်သူအားလုံး တစ်ကိုယ်ရည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကိုမဖြစ်မနေလုပ်ရမည်၊ အသိပညာရရှိရန် အရေးကြီးပါကြောင်း၊ အဆိုပါ ဥပဒေမူကြမ်းပြဌာန်းပြီးပါက မြန်မာအားကစားကို နိုင်ငံတကာအလယ်တွင် ပြန်လည်ဦးမော့အောင်ဖြစ်လာရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

 


back to top Eng