skip to content

 

နေပြည်တော်၊ ဧပြီလ(၈)ရက်။

မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်(၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အိုလံပစ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအမျိုးသား အိုလံပစ်ကောင်စီအဖွဲ့ဝင်များ၏ ပထမအကြိမ်အစည်းအဝေး (၁/၂ဝ၁၉)သို့ တက်ရောက်ခဲ့ပါသည်။

 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတရုံးမှ (၂ဝ၁၉)ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့တွင် အမိန့်ကြော်ငြာစာဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ၏ ယနေ့အစည်းအဝေးတွင် ဝန်ကြီးဌာနများ၏ အမြင်ပေါင်းစုံကို စုစည်းပြီး ညီညီညွတ်ညွတ်ဖြင့် မြန်မာ့အားကစားဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေး မည်ကဲ့သို့ ဆောင်ရွက်ကြမည်ကို ဆွေးနွေးသွားရန်ဖြစ်ပါကြောင်း၊ ဤကောင်စီသည် မြန်မာနိုင်ငံအားကစားလောကတစ်ခုလုံး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်ရမည့် အဆင့်အမြင့်ဆုံး အဖွဲ့ကြီးလည်းဖြစ်ပြီး ကောင်စီဝန်များ၏ တာဝန်လည်းကြီးမားပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းနေအရွယ်ငယ်စဉ်ကာလကတည်းက အားကစားကို လေ့ကျင့်လိုက်စားဆောင်ရွက်ကြစေရေးအတွက် အားကစားကို ကျောင်းသင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းပြီး အားကစားကို မဖြစ်မနေလေ့ကျင့်သင်ကြားစေရေး၊ ကျောင်းများတွင် ကာယလေ့ကျင့်မှုနည်းပြများကို ခန့်အပ်တာဝန်ပေး၍ ကျောင်းသား/ကျောင်းသူများကို သင်ကြားလေ့ကျင့်ပေးနိုင်ရေး ကိစ္စရပ်များသည် အရေးကြီးလိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ အမျိုးသားအဆင့် ကာယပညာဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်ပွဲကြီး (National Physical Education Seminar )ကိုလည်း မကြာမီကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မည်သည့်အရာမဆို ယှဉ်ပြိုင်မှုရှိမှ တိုးတက်မည်ဆိုသည့်အတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ပုံမှန်ကျင်းပသွားခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာသန်စွမ်းခြင်းနှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ အားကစားသမားကောင်းများ ပေါ်ထွန်းခဲ့သည့်အစဉ်အလာကောင်းများရှိသဖြင့် ထိုသို့အားကစားသမား ကောင်းများ ပိုမိုပေါ်ထွန်းလာရေးအတွက် ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူအားလုံးကျန်းမာသန်စွမ်းရေးအတွက် ''ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး'' ဆောင်ပုဒ်ခေါင်းစဉ်ဖြင့် ပြည်သူများအကြား အားကစားစိတ်ဓါတ်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ကိုယ်လက်လှုပ်ရှားအားကစားကို ပြည်သူများ ပိုမိုပါဝင်ဆောင်ရွက်နိုင်စေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂ဝ၁၇ ခုနှစ်၌ ပြုလုပ်ခဲ့သည့် Healthy Myanmar Seminar (Exercise is Medicene)မှ ဆွေးနွေးရရှိခဲ့သောရလဒ်များ၊ အကြံပြုချက်များကိုလည်း အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိရာ မိမိတို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအပါအဝင် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ 

 

ဝန်ကြီးဌာနအသီးသီး၊ ရုံးဌာနအသီးသီး၊ စက်ရုံ၊ အလုပ်ရုံများ၊ ကျောင်းများ၊ တက္ကသိုလ်များတွင် သင့်တော်ရာကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးကိုလည်း စနစ်တကျလုပ်ငန်းစဉ်များ သတ်မှတ်ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ ၂ဝ၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့်  National Seminarမှ အကြံပြုချက်များကို ဆက်လက်အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ လူမှုရေးဝန်ကြီးများက ဦးဆောင်၍ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများသည် ကိုယ်လက်လှုပ်ရှားအားကစား၏ အကျိုးကျေးဇူးများကိုသိရှိပြီး ပိုမိုဆောင်ရွက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှုများသည် ကိုယ်ခန္ဓာနှင့်စိတ်ကို ကျန်းမာသန်စွမ်းစေသဖြင့် ဆေးရုံများမှ လူနာများဆေးရုံဆင်းသည့်အခါ သင့်တော်ရာကိုယ်လက်လှုပ်ရှားအားကစားနည်းကို လေ့ကျင့်နိုင်ရေးအတွက် အသိပညာပေးစည်းရုံးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများမှ အောင်ပွဲရအားကစားသမားများ၏ ဘဝအနာဂတ်ခိုင်မာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းနှင့် ရာထူးတိုးမြှင့်ပေးခြင်း၊ ဆုကြေးငွေများ တိုးမြှင့်ချီးမြှင့်ခြင်းစသည်တို့ကို စီစဉ်ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ အားကစားသမားများ အာဟာရပြည့်ဝဖွံ့ဖြိုးမှသာလျှင် အောင်မြင်မှုများရနိုင်မည်ဖြစ်သဖြင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် အာဟာရပြည့် အားဖြည့်ဆန်များအသုံးပြုကျွေးမွေးသွားရမည်ဖြစ်ပါကြောင်း၊ ကောင်စီအဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအသစ် ပြင်ဆင်ဖွဲ့စည်းသွားရန်အတွက် အကြံပြုချက်များပေးအပ်စေလိုပါကြောင်း၊ အားကစားအဖွဲ့ချုပ်များ၏ ဆောင်ရွက်မှုများကို စနစ်တကျလေ့လာဆန်းစစ်ပြီး စွမ်းဆောင်ရည်များ ပိုမိုကောင်းမွန်လာစေရန် ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ အားကစားလောကတစ်ခုလုံး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက်ကဏ္ဍပေါင်းစုံမှ စနစ်တကျဝိုင်းဝန်းအကောင်အထည်ဖေါ်ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ အတွင်းရေးမှူး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ မြန်မာနိုင်ငံအိုလံပစ်ကောင်စီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ အားကစား လောကပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် အမျိုးသားအားကစားဥပဒေပေါ်ပေါက်လာရေးကိစ္စရပ်များ ကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က (၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးဦးခွန်ဂျာအောင်မှ နိုင်ငံတကာအိုလံပစ်ကော်မတီနှင့် အာရှအိုလံပစ်ကောင်စီတို့၏ ဖွဲ့စည်းပုံများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။

 

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လွင်တို့မှ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆွေးနွေးအကြံပြု ပြောကြားခဲ့ကြပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယနေ့၊ နေ့လည်ပိုင်းတွင် သိဂင်္ဟဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊US CDC ၊ USAID ၊ U.S President's Malaria Initiative၊World Bank Group ၊ ADB ၊ URC  တို့၏ ပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့သည့် ''ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးကွင်းဆင်းဆောင်ရွက်မှု ကျွမ်းကျင်မှုဆိုင်ရာ (၉)လသင်တန်း (၇/၂ဝ၁၈-၄/၂ဝ၁၉)" ၏ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းဖြစ်မြောက် အောင်မြင်ပြီးမြောက်အောင် ထောက်ပံ့ကူညီခဲ့ကြသော အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ epidemiology ဆိုင်ရာနည်းနာများ၊ ကျွမ်းကျင်မှုနှင့်စဉ်းစားတွေးခေါ်ပုံ နည်းလမ်းများသည် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအတွက်သာ အရေးကြီးရုံမက ကုသရေးနှင့်စီမံခန့်ခွဲရေးလုပ်ငန်းများအတွက်ပါ အသုံးချနိုင်ကာ တန်ဖိုးရှိကြောင်း၊ ဤကဲ့သို့သော သင်တန်းများသည် ကိန်းဂဏန်းအချက်အလက်များကို သတင်း၊ အချက်အလက်များအဖြစ် ပြောင်းလဲကာ မူဝါဒများချမှတ်အကောင်အထည်ဖေါ်သည့် အလေ့အထကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ epidemiology  ၏ အကြောင်းကျိုးဆက်စပ်စဉ်းစားပုံကို အသုံးပြု၍ မည်သည့်ပြဿနာအကြောင်း အချင်းအရာကိုမဆို အကြောင်းအရင်းဇစ်မြစ်ကို ရှာဖွေဖေါ်ထုတ်ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ ယခုလိုသင်တန်း ပြီးဆုံးချိန်ကာလတွင် သင်ကြားပေးသောဆရာများ သင်တန်းကာလ၊ သင်ကြားပုံ စနစ်အပေါ် သင်တန်းသားများ၏ သဘောထားအမြင်၊ အကြံပြုချက်များကို မေးမြန်းရယူပြီး နောင်ဖွင့်လှစ်မည့် သင်တန်းများကို ပိုမိုကောင်းမွန်ထိရောက်အောင် ဖွင့်လှစ်သင်ကြားသွားစေလိုပါကြောင်း၊ သင်တန်းသူ/သင်တန်းသားများသည် အနာဂတ်တွင် ဝန်ကြီးဌာန၏ အရေးပါသော လုပ်ငန်းတာဝန်များကို ပခုံးပြောင်းထမ်းဆောင်တာဝန်ယူရမည့်သူများဖြစ်ကြောင်းနှင့် ပညာရပ်များကိုလည်း ဆက်လက်လေ့လာသင်ကြားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသား/သူများ၏ကိုယ်စား သင်တန်းသား/သူ (၂)ဦးက ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကျေးလက်တောရွာများတွင် ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သံပြားကောင်ရောဂါ (Schistosomiasis) ၏ ဖြစ်ပွားမှုအခြေအနေဆိုင်ရာ ကွင်းဆင်းသုတေသနပြုလုပ်ခဲ့မှုနှင့် တွေ့ရှိရသော ရလဒ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား/သူများ သင်တန်းကာလတစ်လျှောက်လုံး ဆောင်ရွက်ထားမှု မှတ်တမ်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရပါသည်။

 

 


back to top Eng