skip to content

  

နေပြည်တော်၊ဇူလိုင် (၁၂) ရက်။     

အင်ဒိုနီးရှားနိုင်ငံ၊ဆီမာရန်မြို့တွင် ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ(၁၇) ရက်နေ့မှ(၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ဝင်များအား လမ်းညွှန်အမှာစကား ပြောကြားသည့် အခမ်းအနားအစီအစဉ်အား နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ် (၃၁)၌ ယနေ့ နေ့လည်(၁)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာမှ ညွှန်ကြားရေးမှူးများနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် အခမ်းအနား တက်ရောက်လာကြသူများအား ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့်၊ အားကစားနည်းပြများ မိတ်ဆက်ဂါဝရပြုပါသည်။

  

ထို့နောက် မြန်မာအားကစားအဖွဲ့ခေါင်းဆောင်အဖြစ် လိုက်လံဆောင်ရွက်မည့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရန် ကြိုတင်လေ့ကျင့်နေမှုများအား ရှင်းလင်းပြောကြားရာတွင် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံကျောင်းများမှ ထူးချွန်အားကစားသမားများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ  အားကစားသမားများပေါင်း၍ မေ လ(၂၅)ရက်နေ့မှစတင်၍ လူရွေးချယ်ပွဲများစတင်ကျင်းပပြီး ရွေးချယ်ခံရသော အားကစားသမားများအား ဆက်လက် စခန်းသွင်းလေ့ကျင့်ခဲ့ပါသည်။ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများမှာ ပြေးခုန်ပစ်၊ ဘော်လီဘော(အမျိုးသား)၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ တင်းနစ် တို့ဖြစ်ပြီး အားကစားသမား ဦးရေ(၃၅)ဦး၊ အုပ်ချုပ်သူ(၁၇)ဦး၊ စုစုပေါင်း(၅၂)ဦးဖြင့် သွားရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းမှ  အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၊ ကျောင်းသား/ ကျောင်းသူများ အနေနှင့် နိုင်ငံလိုက်ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင်ရန် သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဆုတံဆိပ်ရရှိရန် ရည်မှန်းချက်ရှိရမည် ဖြစ်သလို မိမိတို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးစားအားထုတ် ယှဉ်ပြိုင်သွားကြ စေလိုကြောင်း၊ အားကစားကိုစဉ်ဆက်မပြတ်လေ့ကျင့်ထားသူများ ဖြစ်သလို ပြိုင်ပွဲ၌ နည်းပြများ၏ နည်းစနစ်မှန်မှန်ဖြစ်သင်ကြားပြသခဲ့သည့် အတိုင်း လိုက်နာယှဉ်ပြိုင်ရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲအသီးသီး၏ ပြိုင် ပွဲစည်းကမ်းများကို သိရှိနားလည်အောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲကာလတစ်လျှောက် ရာသီကူးပြောင်းမှုကြောင့် ကျန်းမာရေးအထူးဂရုစိုက်ရန်နှင့် ပြိုင်ပွဲတွင် အားကစားသမားအချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် အသင်းအဖွဲ့စိတ်ဓါတ်ရှိရှိ တစ်ဦးကိုတစ်ဦး ဖေးမကူညီပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ နည်းပြအုပ်ချုပ်သူများမှ မိမိတို့အားကစားသမား ကျောင်းသား/ကျောင်းသူများအား မိမိတို့ရင်သွေး၊ သားသမီးများသဖွယ် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့သည် ကျောင်းသား/ ကျောင်းသူများ ဖြစ်ကြ၍ နိုင်ငံရပ်ခြား၌ ကြုံတွေ့ရသော ဒေသန္တရအထွေထွေဗဟုသုတများကို လေ့လာကြပြီး မှတ် သားဖွယ်ရာများကို လေ့လာစေလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ ယခု သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများသည် မြန်မာနိုင်ငံရှိ ကျောင်းသား/ကျောင်းသူများကိုယ်စားပြုရုံမက (၅၂)သန်းသော ပြည်သူများ ကိုယ်စားပြုပါကြောင်း၊ ထို့ကြောင့် အားကစားဖြင့်နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် ရည်မှန်းချက် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကြစေလိုကြောင်း၊ အားကစားသမားများသည် ကျောင်းသား/ကျောင်းသူများဖြစ်၍ အတွေ့အကြုံ နုနယ်ပါသောကြောင့် လိုက်ပါ၍ ကြီးကြပ်ကြမည့် အုပ်ချုပ်သူ၊ နည်းပြများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ သွားလာနေထိုင်ရေးကို စနစ်တကျ စီမံဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အုပ်ချုပ်မှု ကိစ္စအရပ်ရပ်အား ဂရုစိုက်ရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်စဉ်ကာလအတွင်း ပြိုင်ပွဲစည်းမျဉ်းများ၊ ပြိုင်ပွဲသတ်မှတ်ချိန်များ ပြောင်းလဲနေသည့် ပြိုင်ပွဲဥပဒေများ နေ့စဉ်ပြောင်းလဲနေသည့် ပြိုင်ပွဲဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို အုပ်ချုပ်သူများမှ ဂရုစိုက်ဆောင်ရွက်၍ ပြိုင်ပွဲအောင်မြင်စွာ ယှဉ်ပြိုင်နိုင် ရေးဆောင်ရွက်စေလိုကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် မိမိတို့ယှဉ်ပြိုင်မှုမှတ်တမ်းများနှင့် အခြားနိုင်ငံများ၏ လေ့ကျင့်ယှဉ်ပြိုင်မှုကို မျက်ခြေမပျက် လေ့လာ၍ လိုက်ပါဆောင်ရွက်မည့် မီဒီယာများမှ မှတ်တမ်းတင် ပြုစုထားရှိရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲအပြီး ပြိုင်ပွဲယှဉ်ပြိုင်မှု အစီရင်ခံစာနှင့် ကြုံတွေ့ရသော အတွေ့အကြုံများအပေါ် မူတည်၍ နောင်နှစ်များတွင်ပြင်ဆင်ဆောင်ရွက်ရန် အကြံပြုအစီရင်ခံစာ တင်ပြရန်လိုအပ်ပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား ကျောင်းသား/ကျောင်းသူများသည် နိုင်ငံ့အနာဂတ် လူငယ်ကြယ်ပွင့်များဖြစ်၍ အခြားနိုင်ငံများ ဒေသန္တရ ဖွဲ့ဖြိုးတိုးတက်မှုများကို လေ့လာမှတ်သား၍ အတွေ့အကြုံကောင်းများကို ရယူလိုအပ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်ကြသူများမှ လိုအပ်သည်များ အကြံပြုဆွေးနွေးကြပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။                 

                                                                                       

 


back to top Eng