skip to content

 

ရန်ကုန်  မတ်  ၂ဝ
 
မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ယမန်နေ့ကထုတ်ပြန်သည့် အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မူလထက် တစ်ဆင့်မြင့်တက်ခဲ့ကြောင်း သိရသည်။
 
သက်ထားသူဇာသည်  ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့် မတ်လတွင်ကျင်းပသည့် ကင်ညာနိုင်ငံတကာ ကြက်တောင်စီးရီးပြိုင်ပွဲတို့တွင် ကမ္ဘာ့အဆင့်ရှိ နာမည်ကြီးကစားသမားကိုကျော်ဖြတ်၍ ရွှေတံဆိပ်ဆုနှစ်ခု ဆွတ်ခူးခဲ့သည်။  ထို့ကြောင့် မူလက ကမ္ဘာ့အဆင့်(၁၃၄)သာရှိသည့် သက်ထားသူဇာသည်  ယခုတစ်ပတ်တွင်  အဆင့်တစ်ဆင့်မြင့်တက်ကာ ကမ္ဘာ့အဆင့် (၁၃၃)သို့ ရောက်ရှိလာသည်။
 
သက်ထားသူဇာသည် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကကြီးမှူးကျင်းပသည့်  နိုင်ငံတကာပြိုင်ပွဲရှစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာ ၂၃ ပွဲနိုင် ၁၃ ပွဲရှုံးနိမ့်ပြီး  ရမှတ် စုစုပေါင်း ၁ဝ၆၈ဝ ရရှိကြောင်းသိရသည်။
 
သက်ထားသူဇာသည် ဧပြီလတွင် ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့်  International Challenge ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း၊ ၎င်းသည် အာဆီယံတက္ကသိုလ်များ  အားကစားပြိုင်ပွဲတွင်  ခါးဒဏ်ရာရရှိကာ တစ်လကျော်အနားယူခဲ့ရပြီး ၂ဝ၁၉ခုနှစ် ဇန်နဝါရီ တတိယပတ်မှစ၍ ပြန်လည်လေ့ကျင့်၍  ယှဉ်ပြိုင်သည့်  နိုင်ငံတကာပွဲ နှစ်ပွဲတွင် နှစ်ပွဲဆက် ချန်ပီယံဆု ရယူနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
 
ထို့ပြင်  သက်ထားသူဇာသည် ယခုနှစ်အတွင်းကျင်းပမည့် ၂ဝ၂ဝ ပြည့်နှစ် နွေရာသီတိုကျိုအိုလံပစ်ကြက်တောင်ပြိုင်ပွဲ လက်ရည်စစ် ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်  ကြိုးပမ်းလျက်ရှိသည်။   လက်ရည်စစ်ပွဲ အောင်မြင်ပါက  ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လတွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ကျင်းပမည့် အိုလံပစ်ကြက်တောင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။ အသက် ၂ဝ နှစ်အရွယ် သက်ထားသူဇာသည် ၂ဝ၁၈ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိထားပြီး အီဂျစ်နိုင်ငံ၌ကျင်းပသည့် နိုင်ငံတကာစီးရီး ကြက်တောင်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ နီပေါနိုင်ငံ၌ကျင်းပသည့်  နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုကိုလည်းကောင်း ရရှိထားသည်။
 
သက်ထားသူဇာသည် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် မတ်လအထိ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကကြီးမှူးကျင်းပသည့် နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာ ချန်ပီယံဆုသုံးကြိမ်နှင့် ဒုတိယတစ်ကြိမ်ရရှိထားကြောင်းသိရသည်။ 

back to top Eng