skip to content
 
နေပြည်တော်၊ မတ်လ(၂၈)ရက်။
 
မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ (National Sport Seminar)  ကို ယနေ့နံနက်(၈)နာရီအချိန်မှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တက်ရောက်အမှာစကားပြောကြားပါသည်။
 
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာမြင့်ထွေး၊ ဒေါက်တာ မျိုးသိမ်းကြီးနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသား လွတ်တော်နှင့် ပြည်သူ့လွတ်တော်မှ ကိုယ်စားလှယ်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ သဘာပတိအဖြစ်ဆောင်ရွက်ကြမည့်ပုဂ္ဂိုလ်များ၊ မြန်မာ့အားကစားအဖွဲ့ချုပ် အသီးသီးမှဥက္ကဌများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ တိုင်း/ခရိုင်/မြို့နယ် အားကစားမှူး များ၊ အားကစားဆပ်ကော်မတီဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြ ပါသည်။
 
ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့ကျင်းပ ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် သမိုင်းဝင်မှတ်တိုင်တစ်ခုသဖွယ်ဖြစ်၍ မြန်မာနိုင်ငံ၏ အားကစားဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတစ်ခုအဖြစ် ခေါ်ဆိုချင်ပါကြောင်း၊ တက်ရောက်ဆွေးနွေး ကြမည့် စာတမ်းရှင်များနှင့် သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ကြမည့်သူများသည် မြန်မာ့ အားကစားလောကတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူများဖြစ်ကြပြီး တက်ရောက်လာသူ အားလုံးမှ မြန်မာ့အားကစားလောက တိုးတက်စေရေးအတွက် ဆွေးနွေးရာတွင် အားမနာတမ်း ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ဆွေးနွေးကြစေလိုကြောင်း၊ ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် အကြံပြုဆွေးနွေးချက်များကို အားကစားကဏဖွံ့ဖြိုးတိုးတက်ရေးအတွက်မူဘောင်၊ လမ်းစဉ်၊ မဟာဗျူဟာများရေးဆွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်ဒေသမှ မြို့ပြများအထိလည်းကောင်း၊ အခြေခံကျောင်းများမှ တက္ကသိုလ်၊ ကောလိပ်များအထိလည်းကောင်း အားကစားပြိုင်ပွဲများပြုလုပ်ပေးပါရန် လွတ်တော်၌တင်သွင်းရာ ကိုယ်စားလှယ်ကြီး(၁၄)ဦးမှ ပါဝင်ဆွေးနွေးပြောကြားခဲ့ပြီး ၄င်းအဆိုအား အတည်ပြုခဲ့ရာ လက်တွေ့ကျပြီး ကောင်းမွန်သည့် အချက်များစွာပါဝင်ခဲ့ပါကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှု (National Fitness) ရရှိနိုင်ရေး၊ အားကစားတွင် အောင်နိုင်မှုများပြန်လည်ရရှိရေး၊ အားကစားကဏရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍ မရပါကြောင်း၊ အဓိကအားဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြားနှီးနွယ်ဝန်ကြီးဌာနများ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လူမှုရေးဝန်ကြီးများ၊ အားကစားအဖွဲ့ချုပ် အသီးသီးတို့သည် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်၍ ပြည်သူများပါဝင်ရန် အထူးအရေးကြီး ပါကြောင်း၊ အထူးသဖြင့် မြန်မာတစ်နိုင်ငံလုံး အခြေခံကျောင်း (၄ဝဝဝဝ)ကျော်ရှိပြီး ကျောင်းသူ/သားဦးရေ (၈.၇)သန်းကျော်ခန့်ရှိပါကြောင်း၊ ကျောင်းသူ/သားများအနေဖြင့် အားကစားကို ပုံမှန်ပါဝင်ဆောင်ရွက်ပါက တစ်နိုင်ငံလုံးရှိ ပြည်သူအများစု ကျန်းမာသန်စွမ်းသော မျိုးဆက်သစ်ပြည်သူများ ဖြစ်လာမည့်အပြင် ထူးချွန် ထက်မြက်သော လူငယ်အားကစားသမား များလည်းထွက်ပေါ်လာမှာဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ ရရှိလာသောရလဒ်များကို မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၊ အချိန်အခါ၊ လူ့စွမ်းအားအရင်းအမြစ်၊ စိတ်ဝင်စားမှုနှင့် ကြိုးစားမှုတို့အပေါ် မူတည်၍ အားကစားကဏဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားသည် တစ်ခုနှင့်တစ်ခု အထောက်အကူပြုပြီး ဆက်စပ် လျက်ရှိပါကြောင်း၊  အဆိုပါနှစ်ရပ်ကို တစ်ပြိုင်တည်း ဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ကျန်းမာရေးနှင့်အားကစားတွဲဖက်၍ အောင်မြင်မှုရရှိနေသော နိုင်ငံများ၏ အားကစား မဟာဗျူဟာများကိုလည်း လေ့လာ၍ မိမိနိုင်ငံနှင့်ကိုက်ညီမည့် အချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊  အားကစားလုပ်ဆောင်ရာတွင် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များနှင့် လူမှုရေးဝန်ကြီးများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျပါကြောင်း၊ မည်ကဲ့သို့ ဆောင်ရွက်သင့်သည်ကိုလည်း ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုပါကြောင်း၊ မကြာခင်က ပြုလုပ်ခဲ့သော Exercise is Medicine ဆွေးနွေးပွဲမှ အချက်အလက်များကိုလည်း အကောင်အထည် ဖော်ပေးပါရန် အားလုံးကို အထူးတိုက်တွန်းလိုပါကြောင်း၊ အားကစားတွင် အောင်မြင်မှုရရှိရန် အားကစားအဖွဲ့ချုပ်များ၏ ပံ့ပိုးမှုများမှာလည်း အလွန်အဓိကကျပါကြောင်း၊ ယခုအခါ တက္ကသိုလ်ပညာရေး၌ B.Sc(Sport) သင်တန်းကို ထည့်သွင်းထားရှိ၍ အားကစားကို သိပ္ပံနည်းကျ လေ့ကျင့်ခြင်း၊ ပြိုင်ပွဲဝင်ခြင်း၊ နိုင်ငံတကာနည်းတူဖြစ်စေရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်းကို ဖွင့်လှစ် ပညာသင်ကြားလျက်ရှိပြီး လူငယ်များ၏ ပညာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ကောင်းမွန် လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် အားကစားအဖွဲ့ချုပ်များမှ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ကြစေလိုကြောင်း၊ တစ်နိုင်ငံလုံး ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နိုင်ရေးအတွက် Outdoor Fitnessများကို မြို့နယ်အသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်ပေးလျက်ရှိပါကြောင်း၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကိုလည်း ယခုထက်ပိုမို စနစ်တကျဖြစ်စေရန် ဆောင်ရွက်စေလိုပါကြောင်း၊ အားကစားနှင့်ပတ်သက်သော လုပ်ငန်းအကောင် အထည်ဖော်မှုဆိုင်ရာ သုတေသနများကို ပိုမိုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မကြာမီအချိန်တွင် အခြေခံကျောင်းများ၌ မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းကို လေ့ကျင့်သင်ကြားပေး၍ ကျောင်းသားများ၏ ကျန်းမာရေးနှင့်အားကစားတွင် စိတ်ပါဝင်စားမှု မြင့်တင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားပါသည်။
 
 
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ အမှာစကားပြောကြားရာတွင် တစ်ချိန်မှ မြန်မာ့အားကစားရွေခေတ်ကာလတွင် အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အခြေခံကျောင်းများနှင့် တက္ကသိုလ်ကျောင်းများတွင် အားကစားပြိုင်ပွဲများကို အဆင့်ဆင့်ပုံမှန်ကျင်းပခဲ့ပြီး ထူးချွန်ထက်မြက်သော လူငယ်မျိုးဆက်သစ် အားကစားသမားများကို စနစ်တကျ ပြုစုပျိုးထောင်လေ့ကျင့်ခဲ့ရာမှ မြန်မာ့အားကစားလောကသည် ရွေခေတ်ကိုရောက်ရှိခဲ့ပါကြောင်း၊ ယခုအခါ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့ပူးပေါင်းဆောင်ရွက်ရန် အချိန်အခါ ဖြစ်ပါကြောင်း၊ အခြေခံကျောင်းများတွင်လည်း ကာယအချိန်များ၌ အားကစားလှုပ်ရှားမှု အချိန်ဖြင့် ဆောင်ရွက်နိုင် ရေးနှင့် ကာယဆရာများကို အခြေခံကျောင်းများတွင် လုံလုံလောက်လောက် ခန့်ထားနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အားကစားသိပ္ပံကျောင်းများမှ ထွက်ပေါ်လာသော လူငယ်မျိုးဆက်သစ် အားကစားသမားများ၊ B.Sc(Sport)တက္ကသိုလ် ကျောင်းများမှ လူငယ်များ၊ မြန်မာ့လက်ရွေးစင် အားကစားသမားများကို ကာယဆရာများအဖြစ် ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လူငယ်များအားကစားကို တိုးတက်ဖွံ့ဖြိုးလာ အောင် ကြိုးစားဆောင်ရွက်ရာ၌ လူငယ်များ၏ အခြေခံပညာရေးပြီးဆုံးအောင် သင်ကြား တက်မြောက်ထားမှုသည်လည်း အထူးလိုအပ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် ရရှိလာသော အကြံပြုဆွေးနွေးချက်များကိုလည်း အမြန်ဆုံး ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့အားကစားလောကရှိ အားကစားသမားအားလုံးသည် မိမိတို့လက်ရှိရရှိနေသော အောင်မြင်မှုများကို ရောင့်ရဲတင်းတိမ်မနေဘဲ ပိုမိုတိုးတက်အောင် ကြိုးစားပြီး Professional အဆင့်ကို ရောက်ရှိအောင်ကြိုးစားပြီး အောင်မြင်မှုကို ရေရှည်တည်တံ့ ခိုင်မာမှုရရှိအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
 
ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ နံနက်ပိုင်းသဘာပတိအဖြစ် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း) ဦးသောင်းထိုက်မှ ဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ 
 
ဆက်လက်၍ စာတမ်းရှင်များဖြစ်ကြသော ညွန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအောင်ဒင်မှ အားကစားခေါင်းဆောင်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျွမ်းကျင်သူ ဒေါက်တာမြလေးစိန်မှ အားကစားသိပ္ပံနှင့် အားကစားဆေးပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွန်ကြားရေးမှူး(ငြိမ်း) ဦးစိုးဝင်းမှ ပြည်သူတစ်ရပ်လုံးအားကစားလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး (Mass Sport) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွန်ကြားရေးမှူး (ငြိမ်း) ဦးကျော်ခင်မှ နည်းပြဆရာကောင်း တစ်ဦး၏ဦးဆောင်မှုအခန်းကဏခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားကာ နံနက်ပိုင်းအစီအစဉ်ကို ရုတ်သိမ်းခဲ့ပါသည်။
 
 
ဆက်လက်၍ နေ့လည်ပိုင်းဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဒုတိယဥက္ကဌဦးကျော်ကျော်လှိုင်မှ ဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
 
ဆက်လက်ပြီး စာတမ်းရှင်များအဖြစ် ဒုတိယညွန်ကြားရေးမှူး(ငြိမ်း)ဦးတင်အောင်မှ အားကစားသမားနှင့် နည်းပြဆရာများ၏စွမ်းရည်တိုးတက်ရေးအစီအစဉ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွန်ကြားရေးမှူး(ငြိမ်း) ဦးရဲထွဋ်တင်မှ အားကစားနှင့်ပညာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယဝန်ကြီး(ငြိမ်း) ဦးဇော်ဝင်းမှ အားကစားနှင့်ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဘက်အတွင်းရေးမှူးဦးခင်မောင်လွင်မှ မြန်မာနှင့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ပထမနေ့အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 
 

back to top Eng