skip to content

 

ရန်ကုန် ဇန်နဝါရီ ၁၁

၂ဝ၁၉ ခုနှစ် အာရှ ယူ-၁၆ အမျိုးသမီး ဒုတိယအဆင့်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲမတိုင်မီ သြစတြေးလျနိုင်ငံသို့ သွားရောက်လေ့ကျင့်ရန်စီစဉ်နေကြောင်း သိရသည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၃၂ ဦးဖြင့် လေ့ကျင့်နေပြီး နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းက ကိုင်တွယ်လျက်ရှိသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ ယူ-၁၆အမျိုးသမီးအသင်းကို သြစတြေးလျနိုင်ငံသို့ သွားရောက်လေ့ကျင့်နိုင်ရန် နည်းစနစ်ဒါရိုက်တာ အဲရစ်အာဖရန်၏ အဆက်အသွယ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ MFF သည် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း၏ ခြေစစ်ပွဲအကြိုပြင်ဆင်မည့် အခြေအနေများကို ဇန်နဝါရီ ၁၆ ရက်တွင် ပြုလုပ်မည့်သတင်းစာရှင်းလင်းပွဲ၌ အတည်ပြု ထုတ်ပြန်မည်ဖြစ်သည်။ ဒုတိယအဆင့် ခြေစစ်ပွဲကို အုပ်စုနှစ်ခုခွဲ၍ကျင်းပမည်ဖြစ်ပြီး အုပ်စု(A)တွင် သြစတြေးလျ၊ လာအို၊ ဗီယက်နမ်၊ အီရန်၊ အုပ်စု(B)တွင် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်နှင့် မြန်မာအသင်းတို့ပါဝင်နေသည်။ မြန်မာအသင်းပါဝင်သည့် အုပ်စု(B)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ လက်ခံကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲဒုတိယအဆင့်ကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အုပ်စုနှစ်ခုမှ ထိပ်ဆုံးနှစ်သင်းစီသည် ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ပထမအဆင့်ခြေစစ်ပွဲတွင် မလေးရှား၊ နီပေါ၊ ဖိလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး သုံးသင်းစလုံးကို ဂိုးပြတ်အနိုင်ရကာ အုပ်စုပထမဖြင့် ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလကတည်းက လေ့ကျင့်မှုစတင်ပြုလုပ်နေခြင်းဖြစ်သည်။


back to top Eng