skip to content

 

ရန်ကုန်၊ ဇန်နဝါရီလ( ၂၇ )ရက်။       

နိုင်ငံတော်၏အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်သည့် နိုင်ငံတစ်ဝှမ်း ၊ ခရိုင်၊ မြို့နယ်မှအစ ရပ်ကွက်၊ ကျေးရွာအဆုံး ပြည်သူ များအားကစားကို လိုက်စားလာစေခြင်းဖြင့်၊ ကျန်းမာကြံ့ခိုင်သော အသက်ရှည်ကျန်းမာလာစေနိုင်ရေးအပြင် ၊ ဆေးကုသမှုလျော့ပါးလာစေနိုင်ကြောင်း၊  လူငယ်/လူရွယ်များ မူးယစ်ဆေး သုံးစွဲမှုကင်းဝေးစေမည့်အပြင် နိုင်ငံတော်ရဲ့အားကစားသမား ရှားပါးမှုကို တစ်ဘက်တစ်လမ်းမှ  ရှာဖွေဖော်ထုတ် ပေးနိုင်ရေးတို့အတွက်  ယခုလိုနိုင်ငံတစ်ဝှမ်းမှာ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့် ကာယပညာကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်အားကစားဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်ဖြစ်သည့်  မြို့နယ်အားကစားဆပ်ကော်မတီဥက္ကဌဖလား အားကစားပြိုင်ပွဲများကို ရည်ရွယ်ကျင်းပပြုလုပ်ရခြင်းဖြစ်သည့် ၂ဝ၁၉ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP) မြောက်ဥက္ကလာပမြို့နယ်အားကစား ဆပ်ကော်မတီဥက္ကဌဖလား ရပ်ကွက်ပေါင်းစုံ အသက်(၂၁)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၅)ရက်နေ့၊ ညနေ(၃)နာရီတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် မဏ္ဍိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဇော်လွင်နှင့် ဦးမြင့်လွင်၊ မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်၊ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်းနှင့် ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ပြိုင်ပွဲအသင်းများကွင်းအတွင်းနေရာယူထားကြပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ ဖွင့်ပွဲအမှာစကားပြောကြား၍လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းမှ  ကျေးဇူးတင်စကားပြောကြား၍လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်မှ ပြိုင်ပွဲကျင်းပရခြင်းအကြောင်းအားလည်းကောင်း အသီးသီးပြောကြားကာ ပြိုင်ပွဲအသင်းများအား လိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်နှင့် ဦးမြင့်လွင်၊ မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်၊ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်းတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် မြို့နယ်တိုက်ကွမ်ဒိုအားကစားအသင်းမှ တိုက်ကွမ်ဒိုကကွက်များ၊ တိုက်ကွက်များဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ဝူရှူးနှင့် ကျွမ်းဘား အားကစားနည်းများဖြင့် သရုပ်ပြသကြပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ပထမနေ့အဖြစ် စတင် ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၁၉)ရပ်ကွက်ရှိရာ (၁၈)ရပ်ကွက်မှ အသင်းပေါင်း(၁၈)သင်းဝင်ရောက်ယှဉ်ပြိုင်ကာ ဆုများကိုလည်း ပထမဆု(၅)သိန်း၊ ဒုတိယဆု(၃)သိန်းနှင့်တတိယဆု(၂)သိန်း အပြင် တံခွန်စိုက်ဆုဖလားနှင့် ဆုတံဆိပ်များချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 


back to top Eng