skip to content

ရန်ကုန်၊ သြဂုတ်လ(၂၇)ရက်။        

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဖိတ်ခေါ်ဖလား ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကြက်တောင်အားကစားအဖွဲ့မှ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပူးတွဲတတိယရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကြက်တောင်အားကစားနည်းပြချုပ် ဒေါ်ဆွေမာဦး ဦးဆောင်သည့် အမျိုးသားအားကစားသမား(၅)ဦး၊ အမျိုးသမီးအားကစားသမား(၃)ဦးတို့ဖြင့် သွား ရောက်ယှဉ်ပြိုင်ရာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
ပြိုင်ပွဲတွင် အရှေ့တောင်အာရှ၊ အာရှနှင့်ဥရောပနိုင်ငံများမှ  အားကစားသမား (၁၈၇)ဦး နိုင်ငံပေါင်း(၁၁)နိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်ကြရာ မြန်မာနိုင်ငံမှ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ဒေလီယာနှင့် ရီရီလွင်တို့က ပူးတွဲတတိယဆုကို ရယူပေးခဲ့ပြီး ပထမနှင့်ဒုတိယဆုကို တရုတ်နိုင်ငံကလည်းကောင်း၊ ပူးတွဲတတိယဆုကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ရရှိခဲ့ခြင်းဖြစ်သည်။
ယူနန်ပြည်နယ် ဖိတ်ခေါ်ဖလားကြက်တောင်ရိုက်ပြိုင်ပွဲကို ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၂၄)ရက်မှ (၂၅)ရက်နေ့အထိ ကျင်းပခဲ့ပြီး အဆိုပါကြက်တောင်အားကစားအဖွဲ့သည် ယနေ့နံနက် (၉)နာရီ (၅၅)မိနစ် အချိန်က လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံကြက်တောင် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့်အမှုဆောင်များ၊ ဆွေမျိုးမိဘများက ကြိုဆိုခဲ့ကြောင်း သိရှိရသည်။

 


back to top Eng