skip to content
 
နေပြည်တော်၊ သြဂုတ်လ(၂၂)ရက်။
 
အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၈)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲကို ဂျာကာတာမြို့နှင့် ပလန်ဘန်းမြို့တို့ရှိ အားကစားရုံ၊အားကစားကွင်း အသီးသီး၌ ယနေ့ စတုတ္ထနေ့အဖြစ် ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံမှ ကြေးတံဆိပ် (၂)ခု ဆွတ်ခူးရရှိပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လိုက်လံကြည့်ရှုအားပေးကာ ဆုများချီးမြှင့်ခဲ့ပါသည်။
 
ရှေးဦးစွာ ဂျာကာတာမြို့ရှိ ဝူရှူးအားကစားရုံ၌ ကျင်းပသော ဝူရှူးထောက်လုအမျိုးသား ထိုက်ကျွိချွမ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ငြိမ်းချမ်းကိုကိုမှ ဒုတိယနေ့ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ ရမှတ် (၉.၇၁)မှတ်ဖြင့် (၂) ရက်ပေါင်းရမှတ် (၁၉.၄ဝ)မှတ်ဖြင့် ကြေးတံဆိပ် ရရှိခဲ့ပါသည်။ ဆက်လက်၍ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ခန့်မင်းထက် ဝင်ရောက်ယှဉ်ပြိုင်ရာ  ယနေ့ ရမှတ်(၉.၄၁)မှတ်ဖြင့် (၂) ရက်ပေါင်းရမှတ် (၁၈.၈၂)မှတ်ဖြင့် အဆင့်(၁၃)တွင်လည်းကောင်း၊ အမျိုးသမီးချန်းချွမ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ စန္ဒီဦး ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရမှတ် (၈.၇ဝ) မှတ်ဖြင့် အဆင့် (၉) သာအသီးသီးရရှိခဲ့ပြီး အဆိုပါပြိုင်ပွဲများသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင် နှင့် မြန်မာနိုင်ငံဝူရှူးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးသစ္စာတို့မှ လိုက်လံကြည့်ရှုကာ  အားပေးစကားများ ပြောကြားခဲ့ပါသည်။ အဆိုပါပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ထောက်လုအမျိုးသား ထိုက်ကျွိချွမ် ပြိုင်ပွဲတွင် ပထမဆုရရှိသော တရုတ် အသင်း၊ ဒုတိယဆုရရှိသော ဂျပန်အသင်းနှင့် တတိယဆု မြန်မာနိုင်ငံမှ ငြိမ်းချမ်းကိုကို တို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ  ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။
 
  
 
ဆက်လက်၍ ဂျာကာတာမြို့ရှိ တိုက်ကွမ်ဒိုအားကစားရုံ၌ ကျင်းပပြုလုပ်သော အမျိုးသားအတိုက် (၆၃) ကီလိုတန်း(ဘင်တန်ဝိတ်တန်း)ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အောင်ကျော်ကျော်က ပါကစ္စတန်ကစားသမားကို (၃၂) ဦးအဆင့်တွင် ရှုံးနိမ့်ခဲ့သောကြောင့် မြန်မာအသင်းပွဲစဉ်များအားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်းသိရပါသည်။ 
 
ဆက်လက်၍ ဂျာကာတာမြို့ရှိ မြားပစ်ကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသော မြားပစ် (Compound) အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ အဆင့်သတ်မှတ်ချက် ပွဲစဉ်တွင်မြန်မာက ယောစိမ်းယ မှ မြား(၇၂)ချောင်းဖြင့် ပစ်ခတ်ရာတွင် (၃၃၄+၃၃၄=စုစုပေါင်း၆၆၈)မှတ်ဖြင့် ပြိုင်ပွဲဝင်(၅၂)ဦးတွင် အဆင့်(၃၉) ဖြင့်လည်းကောင်း၊ စုစုလှိုင်မှ (၃၃၈+၃၂၉=စုစုပေါင်း၆၆၇)မှတ်ဖြင့် ပြိုင်ပွဲဝင်(၅၂)ဦးတွင် အဆင့်(၄ဝ)ဖြင့်လည်းကောင်း၊ လှလှစံမှ (၃၂၈+၃၃၄=စုစုပေါင်း၆၆၂) မှတ်ဖြင့် ပြိုင်ပွဲဝင်(၅၂)ဦးတွင် အဆင့်(၄၆)ဖြင့် အသီးသီးရရှိခဲ့ပြီး အသင်းလိုက် (၁၃) သင်းတွင် အဆင့်(၁၁) ရရှိခဲ့ပါသည်။ ဆက်လက်၍ ညနေပိုင်းပွဲစဉ် အမျိုးသား Compound Ranking ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဇင်သူရိန်မှူးမှ မြား(၇၂)ချောင်းဖြင့် ပစ်ခတ်ရာတွင် (၃၄၆+၃၄၇-စုစုပေါင်း ၆၉၃) မှတ်ဖြင့် ပြိုင်ပွဲဝင်(၆ဝ)ဦးတွင် အဆင့်(၁၃) ရရှိခဲ့ အဆိုပါပြိုင်ပွဲများသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌ ဦးဇေသီဟတို့မှ လိုက်လံကြည့်ရှုကာ  အားပေးစကားများပြောကြားခဲ့ပါသည်။
 
  
 
ဆက်လက်၍ ပလန်ဘန်းမြို့ရှိ JSC Roneu Stadium အားကစားရုံ၌ အမျိုးသမီး (၃) ယောက်တွဲ အသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့်ထိုုင်းအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ မြန်မာအသင်းမှ ထိုင်းအသင်းကို (၂)ပွဲ ပြတ်ဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ကြေးတံဆိပ်ဖြင့်သာ ကျေနပ် လိုက်ရပါသည်။
 
ဆက်လက်၍ ပလန်ဘန်းမြို့ရှိ Jakabaring Lake Rowingတွင်ကျင်းပသည့် အမျိုးသမီး လေးယောက်တွဲ မီတာ(၂ဝဝဝ) အနောက်တိုင်းလှေလှော်ပြိုင်ပွဲတွင် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ အိန္ဒိယ (၅)နိုင်ငံတို့ ယှဉ်ပြိုင်ကြရာ မြန်မာအသင်းမှ စံချိန်(၇း၄၄း၁၉)စက္ကန့်ဖြင့် တတိယနေရာမှ ပန်းဝင် ခဲ့သောကြောင့်  ဗိုလ်လုပွဲသို့တက်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ ဆက်လက်၍ အမျိုးသား (၈) ယောက်တွဲ မီတာ (၂ဝဝဝ) အနောက်တိုင်းလှေလှော်ပြိုင်ပွဲတွင် အဆင့်(၅)ဖြင့်သာ ကျေနပ်ခဲ့ရပါသည်။
 
  
 
ဆက်လက်၍ Jakabaring Shooting Range တွင်ကျင်းပသည့် အမျိုးသမီး (၂၅)မီတာ လေပစ္စတို ပြိုင်ပွဲတွင် မြန်မာမှ မေပိုးဝါ ယှဉ်ပြိုင်ရာ ရမှတ်(၅၇၄)မှတ်ဖြင့် နိုင်ငံပေါင်း (၃၂) နိုင်ငံတွင် အဆင့် (၁၆) ရရှိ ခဲ့ကြောင်း သတင်းရရှိပါသည်။
 
(၂၃.၈.၂ဝ၁၈) ရက်နေ့တွင်ပွဲစဉ်များအဖြစ် ဂျာကာတာမြို့တွင် တစ်ဦးချင်းမြားပစ်ရှုံးထွက်ပွဲစဉ်များ၊ ပလန်ဘန်းမြို့တွင် အမျိုးသားနှစ်ယောက်တွဲ အသင်းလိုက်ပိုက်ကျော်ခြင်း အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လှေလှော်အမျိုးသမီး (၂) ယောက်တွဲနှင့် (၄) ယောက်တွဲ ဗိုလ်လုပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရှိရပါသည်။
 

back to top Eng