skip to content
 
ရန်ကုန်  ဇန်နဝါရီ   ၅
 
မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် အရှေ့အလယ်ပိုင်းဒေသများမှအသင်းများနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် ယနေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်းသိရသည်။
 
မြန်မာယူ-၂၂ အသင်းသည် အိုမန် ယူ-၂၃ အသင်း၊ ကာတာ ယူ-၂၃ အသင်းတို့နှင့် ခြေစမ်းပွဲများယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမား ၂ဝ ဦးပါဝင်ခဲ့သည်။ ဇန်နဝါရီ ၇ ရက်တွင် အိုမန် ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ကာတာနိုင်ငံသို့ ဆက်လက်ထွက်ခွာကာ ဇန်နဝါရီ ၁ဝ ရက်တွင် ကာတာ ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
 
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် ဖေဖော်ဝါရီလအတွင်းယှဉ်ပြိုင်ရမည့် အာဆီယံယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ မြန်မာ ယူ-၂၂ အသင်းကို  နိုင်ငံတကာခြေစမ်းပွဲများ ထပ်မံယှဉ်ပြိုင်ကစားရန် စီစဉ်ပေးမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ၂ဝ၁၉ ခုနှစ်အတွင်း အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊ အာရှယူ-၂၃ ခြေစစ်ပွဲနှင့် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတို့သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်းသိရသည်။
 
မြန်မာ ယူ-၂၂ အသင်းတွင် အုပ်ချုပ်သူ ဦးကိုကိုသိန်း၊  နည်းပြချုပ် ဦးကြည်လွင်၊ လက်ထောက်နည်းပြ  ဦးချစ်နိုင်၊ ဦးကျော်လွင်၊ ဂိုးနည်းပြ ဦးမျိုးကျော်အောင်၊  ဂိုး ဘုန်းသစ္စာမင်း၊  စိုးအာကာ၊ နောက်တန်း  စိုးမိုးကျော်၊  ဝင်းမိုးကျော်၊ ရဲရင့်အောင်၊ ဇွဲထက်မင်း၊  သက်ပိုင်ထွေး၊ အောင်ဝဏ္ဏစိုး၊ ဇင်ရဲနောင်၊ ကျော်သူထွန်း၊ အလယ်တန်း မြတ်ကောင်းခန့်၊ မင်းကိုကို၊ လွင်မိုးအောင်၊ နန်းထိုက်ဇော်၊ စိုးလွင်လွင်၊ ဟိန်းထက်အောင်၊ ရှေ့တန်း ဝင်းနိုင်ထွန်း၊ ဇင်မင်းထွန်း၊ ချမ်းငြိမ်းနှင့် ထက်ဖြိုးဝေတို့ပါဝင်ကြောင်းသိရသည်။        
 
Crd:မြ၀တီသတင်းစာ

back to top Eng