skip to content

ရန်ကုန်၊ နို၀င်ဘာလ(၂၆)ရက်။        

မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်နှင့် အလှူရှင်များက ကြီးမှူးပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီက ထပ်တူပါ၀င် ဂါရ၀ကုသိုလ်ယူသည့် အသက်(၇၀)နှစ် အထက် သက်ကြီးဝါရင့်အားကစားကလောင်ရှင်ကြီးများအား ဂါရ၀ပြုကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာ၀န်ရှိပုဂ္ဂိုလ်များ၊ သက်ကြီးဝါရင့် အားကစားကလောင်ရှင်ကြီးများ၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်း၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်က ဂါရ၀ပြုစကား ပြောကြားရာတွင် အားကစားကလောင်ရှင်ကြီးတွေရဲ့ ရေးသားမှုတွေကြောင့် ပြည်တွင်း၊ ပြည်ပ အားကစား သတင်းတွေ၊ အားကစားအသင်းတွေ၊ အားကစားကွင်း တွေ၊ အားကစားသမားတွေ၊ အားကစားနည်းစနစ်တွေ၊ အားကစားနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေ အားကျအတုယူဖွယ်ရာတွေကို သိခွင့်၊ နားလည်ခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ကြပြီး သိမြင်နားလည်ခွင့်တွေကနေ အားကစားအပေါ် ချစ်မြတ်နိုးစိတ်တွေဖြစ်ပေါ်စေပါကြောင်း၊  အားကစား ပြိုင်ပွဲတွင် အနိုင်ရရှိခြင်းမှာ ကြီးမြတ်ပါသည်။ ကစားပွဲဆင်နွှဲကစားခြင်းမှာ ပိုမိုကြီးမြတ်ပါသည်။ သို့ရာတွင် ကစားပွဲကို ချစ်ခြင်းမှာ အကြီးမြတ်ဆုံးဖြစ်သည် ဟူသောစာသားကို ကျမအနေဖြင့်  ကစားပွဲကို ချစ်မြတ်နိုးတတ်အောင် လှုံ့ဆော်နှိုးဆွပေးခြင်းက  အဆုံးစွန် အပိုင်းခြားမဲ့ ကြီးမြတ်မှုဖြစ်သည်ဟု ဖြည့်စွက် ပြောကြားလိုပါကြောင်း၊    မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်ဟာ မြန်မာ့အားကစားနယ်ပယ်ရဲ့ အရေးပါဆုံး သမိုင်းအလှည့်အပြောင်းလည်းဖြစ်၊ အလွန်အရေးကြီးတဲ့ အခြေခံအုပ်မြစ်လည်းဖြစ်ခဲ့တဲ့ ဗမာပြည်အိုလံပစ် အသင်းကြီး စတင်ပေါ်ပေါက်တဲ့ ၁၉၆၄ခုနှစ်၊ နို၀င်ဘာ(၂၆) ရက်ကို မြန်မာ့အားကစား သမိုင်းနေ့ တစ်နေ့အဖြစ် ဖော်ထုတ်ဂုဏ်ပြုတဲ့အနေနဲ့ ဒီသက်ကြီးကန်တော့ပွဲအခမ်းအနားကို ဒီနေ့မှာ လုပ်ရတယ်ဆိုတာ သိရတဲ့အပြင် နောက်နောင်နှစ်တွေမှာ လည်း သက်ကြီးပူဇော်ပွဲန့ မြန်မာ့အကောင်းဆုံး အားကစားဆုပေးပွဲကို  ဒီနေ့မှာ ပုံသေပြုလုပ်သွားဖို့ စီစဉ်ထားကြောင်း သိရတဲ့အတွက် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်ရဲ့ စိတ်ကူးကောင်းနဲ့ စေတနာကောင်းအတွက် အထူးကျေးဇူးတင် ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ် ဦးဝဏ္ဏထွန်းက ဂါရ၀ပြု ကန်တော့ပွဲ အခမ်းအနားပြုလုပ်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကန်တော့ခံ အားကစားကလောင်ရှင်ကြီးများအား တစ်ဦးချင်းမိတ်ဆက်ပေးပြီး ရိုသေဂါရ၀ဖြင့် ကန်တော့ခဲ့ကြသည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်နှင့်တကွ တက်ရောက်လာကြသော ဧည့်သည်တော်များက ကန်တော့ခံ ဆရာကြီးများအား ကန်တော့အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းပြီး သက်ကြီးကန်တော့ခံ ဆရာကြီးများထဲမှ ဆရာကြီး တက္ကသိုလ်စိုး၀င်းက သြဝါဒစကား ပြန်လည်ချီးမြှင့်ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်၍ နေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။

 


back to top Eng