skip to content

နေပြည်တော်၊ ဧပြီ(၃ဝ)ရက်။   

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်သည် ယနေ့နံနက်(၁ဝ)နာရီအချိန်တွင် ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ၂ဝ၁၈ခုနှစ်၊ ထိုင်းတံခွန်စိုက်ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ၂ဝ၁၈ခုနှစ်၊ အရှေ့တောင်အာရှတာဝေးဖိတ်ခေါ်စက်ဘီးပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစား အဖွဲ့ဝင်များအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားပါသည်။

ရှေးဦးစွာ ပြည်ပသို့ သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များမှ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်အား တစ်ဦးချင်းစီ မိတ်ဆက်ဂါရဝပြုကြပါ သည်။ 

ထို့နောက် မြန်မာနိုင်ငံပြေးခုန်ပစ်ဒုတိယဥက္ကဌဦးမြသန်းထိုက်မှ ရှင်းလင်းတင်ပြရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေလ (၄)ရက်နေ့မှ (၇)ရက်နေ့ အထိပြုလုပ်ကျင်းပမည့် ၂ဝ၁၈ခုနှစ်၊ ထိုင်းတံခွန်စိုက်ပြေးခုန်ပစ်ပြိုင်ပွဲသို့ event (၈)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်နိုင်ငံ (၂၇)နိုင်ငံကျော်နှင့် ကစားသမား (၁ဝဝဝ)ကျော်ခန့် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ အတွေ့အကြုံကောင်းများရရှိရန်နှင့် ပြိုင်ဘက်နိုင်ငံများ၏ အားသာချက်/အားနည်းချက်များကို သုံးသပ်လေ့လာပြီး အောင်မြင်မှုများရ ရန်အတွက် ကြိုးစားယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ အုပ်ချုပ်သူ/နည်းပြအဖြစ်လိုက်ပါ ဆောင်ရွက်မည့်ဦးအောင်မျိုးနိုင်က ရှင်းလင်းတင်ပြရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲသည် စင်ကာပူနိုင်ငံတွင် မေလ(၅)ရက်နေ့တွင်ကျင်းပပြုလုပ်မည့်၂ဝ၁၈ခုနှစ်၊ အရှေ့တောင်အာရှတာဝေး ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲသို့ (၁ဝ)ကီလိုမီတာလက်ဆင့်ကမ်း အမျိုးအစားဖြင့်ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်နိုင်ငံ(၈)နိုင်ငံနှင့် အားကစားသမား(၄ဝ)ကျော်ခန့်ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊  အောင်မြင်မှုများရရှိရန် ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ လမ်းညွှန်အမှာစကား ပြောကြားရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် ပြိုင်ပွဲများတွင် စိတ်ဓါတ်တက်ကြွ နိုင်လိုစိတ်အပြည့်ဖြင့် မိမိတို့၏ အားကစားနည်းပုံရိပ်ကို မြှင့်တင်နိုင်ရန် ယှဉ်ပြိုင်စေလိုကြောင်း၊ နည်းပြများအနေဖြင့် မိမိတို့ယှဉ်ပြိုင်မည့် ပြိုင်ဘက်နိုင်ငံအသင်း၏အခြေအနေကို လေ့လာ၍ ကြိုတင်သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ အားကစားစိတ်ဓါတ်ဆိုသည်မှာ မနိုင်နိုင်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ထားရှိရန် လိုအပ်ပါကြောင်း၊ စည်း/စနစ်ကျရန်လိုအပ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့နှင့် မိမိယှဉ်ပြိုင်သော အားကစားနည်းအပေါ် တိကျခိုင်မာသော စိတ်ဓါတ်များ၊ ခံယူချက်များရှိရန် လိုအပ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ချုပ်များကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများတွင် မျိုးဆက်သစ်လူငယ်များကိုလည်း ထည့်သွင်းအသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်သင်ကြားထားရှိရန် လိုအပ်ကြောင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်ပြီးချိန်တွင် မိမိတို့အားကစားအဖွဲ့၏ အားနည်းချက်၊ အားသာချက်၊ အတွေ့အကြုံများကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြင်ဆင်ပြီး အစဉ်အမြဲတိုးတက်၍ အောင်မြင်မှုများရရှိအောင် ကြိုးစား သွားကြရန် မှာကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 


back to top Eng