skip to content

ရန်ကုန်၊ မေလ(၂)ရက်။           

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်သည် ယနေ့နေ့လည်(၂) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်း အင်းယားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ရုံး၌ ကျင်းပသည့် တရုတ်(တိုင်ပေ)တွင် ၂ဝ၁၈ခုနှစ်၊ မေလ(၃)ရက်မှ (၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အာရှနဂါး လှေလှော်ဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ဝင်များအား တွေ့ဆုံလမ်းညွှန် အမှာစကား ပြောကြားပါသည်။

ရှေးဦးစွာ ပြည်ပသို့ သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များမှ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်အား တစ်ဦးချင်းစီ မိတ်ဆက်ဂါရဝပြုကြပြီး မြန်မာလှေလှော်အသင်းအဖွဲ့ခေါင်းဆောင် ဒေါက်တာသန်းတိုး ကပြိုင်ပွဲသွားရောက်မည့် အစီအစဉ်အား ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းက ပြိုင်ပွဲသွားရောက်မည့်အားကစားအဖွဲ့အတွက် ဆောင်ရွက်ပေးမှုများနှင့် မိမိတို့အသင်းသည် မီတာ၁ဝဝဝ၊ မီတာ၂ဝဝဝပြိုင်ပွဲ တွေမှာပိုပြီးတော့အားသာမှု၊အားသန်မှုရှိပါကြောင်း၊ ယခုပြိုင်ပွဲတွင်မီတာ ၂၅ဝနှင့်၅ဝဝ ပြိုင်ပွဲမှာ ဘယ်လိုအခြေအနေမျိုးရှိမလဲဆိုတာ လက်တွေ့သိရမှာဖြစ်သဖြင့် အကျိုးအမြတ် တစ်ခုလို့ ယုံကြည်ပါကြောင်း ယခုပြိုင်ပွဲတွင်အာရှနိုင်ငံအများ အပြားလာရောက် ယှဉ်ပြိုင်ကြမည့်ဖြစ်ပြီးပြိုင်ပွဲဝင်မည့် အာရှနိုင်ငံများသည် အင်ဒိုနီးရှား အာရှအားကစား ပြိုင်ပွဲ၌ပြန်လည်တွေ့နိုင်သည့်ပြိုင်ဘက်များလဲဖြစ်ရာ ထို့ကြောင့် ပြိုင်ဘက်အနေအထားကို ကြိုတင်သိရှိခွင့်ရသည့်အနေအထားမှာ တန်းဘိုးမဖြတ်နိုင်သော အတွေ့အကြုံကောင်းဟုအား ပေးစကားပြောကြားခဲ့သည်။ 

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ လမ်းညွှန်အမှာစကား ပြောကြားရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် ပြိုင်ပွဲများတွင် စိတ်ဓါတ်တက်ကြွနိုင်လိုစိတ်အပြည့်ဖြင့် မိမိတို့၏ အားကစားနည်းပုံရိပ်ကိုမြှင့်တင်နိုင်ရန် ယှဉ်ပြိုင်စေလိုကြောင်း၊ နည်းပြများအနေဖြင့် မိမိတို့ယှဉ်ပြိုင်မည့် ပြိုင်ဘက်နိုင်ငံ အသင်း၏အခြေအနေကို လေ့လာ၍ ကြိုတင်သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ အားကစားစိတ်ဓါတ်ဆိုသည်မှာ မနိုင် နိုင်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ထားရှိရန် လိုအပ်ပါကြောင်း၊ စည်း/စနစ်ကျရန်လိုအပ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့နှင့် မိမိယှဉ်ပြိုင်သော အားကစားနည်းအပေါ်တိကျခိုင်မာသော စိတ်ဓါတ်များ၊ ခံယူချက်များရှိရန် လိုအပ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ချုပ်များကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများတွင် မျိုးဆက်သစ် လူငယ်များကိုလည်း ထည့်သွင်းအသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်သင်ကြားထားရှိရန် လိုအပ်ကြောင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်ပြီးချိန်တွင် မိမိတို့အားကစား အဖွဲ့၏ အားနည်းချက်၊ အားသာချက်၊ အတွေ့အကြုံများကို အမြန်ဆုံး ပြန်လည် သုံးသပ်ပြင်ဆင်ပြီး အစဉ်အမြဲတိုးတက်၍ အောင်မြင်မှုများရရှိအောင် ကြိုးစား သွားကြရန် လိုအပ်ပါကြောင်းမှာကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြောင်းသိရှိရသည်။

 


back to top Eng