skip to content

နေပြည်တော်၊ဇူလိုင်လ(၁၂)ရက်။

အရှေ့တောင်အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂ဝ)ကြိမ်မြောက် အရှေ့တောင်အာရှ အသက်(၂ဝ) နှစ်အောက် (အမျိုးသား) ဘော်လီဘော (20th South East Asian Men's U-20 Volleyball Championship 2018)  ပြိုင်ပွဲကို ယနေ့နေ့လည် (၁၂:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ  ဒုတိယဥက္ကဌ ဦးသိန်းဝင်းနှင့် တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှုအားပေးကြပါသည်။

ယနေ့ပြိုင်ပွဲတွင် မြန်မာအသင်း(က)မှ မလေးရှားအသင်းကို ရမှတ်(၂၆-၂၄)၊ ရမှတ်(၂၅-၁၁)၊ရမှတ်(၂၅-၁၇) (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ နေ့လည်(၂:ဝဝ)နာရီအချိန်တွင် ထိုင်းအသင်းမှ မြန်မာအသင်း(ခ)ကို ရမှတ်(၂၅-၈)၊ ရမှတ်(၂၅-၁ဝ)၊ ရမှတ်(၂၅-၁၈) (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်း သတင်းရရှိပါသည်။

(၁၃.၇.၂ဝ၁၈)ရက်နေ့ ပွဲစဉ်များအဖြစ် နေ့လည်(၁၂:ဝဝ) နာရီအချိန်တွင် မလေးရှားအသင်းနှင့် ထိုင်းအသင်းတို့သည်လည်းကောင်း၊ နေ့လည်(၂:ဝဝ)နာရီ အချိန်တွင် မြန်မာအသင်း (က)နှင့် မြန်မာအသင်း(ခ)တို့သည်လည်းကောင်း ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်းသိရှိရသည်။

 


back to top Eng