skip to content
 
နေပြည်တော်၊ ဇန်နဝါရီလ(၂၆)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့မှ (၁၂)ရက်နေ့ အထိ ပထမအကြိမ်အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ၂ဝ၁၈၊ အာရှတာဝေး စက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီး ပြိုင်ပွဲကို နေပြည်တော် (ဝဏ္ဏသိဒ္ဓိတာဝေးစက်ဘီးကွင်း-တောင်ညိုလမ်း၊ ရာဇသဂင်္ဟလမ်းအတိုင်း) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:ဝဝ)နာရီအချိန်တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြတ်သူနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
 
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က အမှာစကားပြောကြားရာတွင် အာရှတာဝေးစက်ဘီးပြိုင်ပွဲနှင့်မသန်စွမ်း စက်ဘီးပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူငယ်များ စက်ဘီးအားကစားနည်းတွင် စိတ်ဝင်စားမှုပိုမိုရရှိရေးနှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သော စက်ဘီးအားကစားသမားများ ပိုမိုထွက်ပေါ်လာစေးရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်ကျင်းပပြုလုပ်သည့်အတွက် မြန်မာနိုင်ငံ၏ဂုဏ်ကို ထိန်းသိမ်းရန်လိုအပ်ကြောင်း ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ အိန္ဒိယ၊ အီရန်၊ U.A.E  ၊ ဘာရိန်း၊ မွန်ဂိုးလီးယား၊ ဂျော်ဒန်၊ တာဂျစ်စတန်၊ ကာဇက်စတန်၊ လက်ဘနွန်၊ မကာအိုနှင့် ဆီးရီးယားနိုင်ငံများမှ အားကစား သမားစုစုပေါင်း (၃၇၇)ဦးတို့သည် အားကစားနည်း(၈)မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ဒိုင်/ဂျူရီများနှင့်အားကစားများ တည်းခိုမည့်နေရာများ၊ လေ့ကျင်နေစဉ် လမ်းတစ်လျှောက်နှင့် ပြိုင်ပွဲကျင်းပပြုလုပ်နေစဉ် ကာလများအတွင်း လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်ရေး အတွက်အရေးကြီးကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို စီစဉ်ဆောင်ရွက် ပေးစေလိုကြောင်း၊ သက်ဆိုင်ရာနိုင်ငံများသို့ အလွယ်တကူ ဆက်သွယ်နိုင်ရန် Wifi   နှင့် Sim Card များ စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ နေ့စဉ်ထုတ်သတင်းစာနှင့် TV Spot ထုတ်လွှင့် နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ သယ်ယူပို့ဆောင်ရေးအတွက် လို်အပ်သော ယာဉ်များလည်း ထားရှိပေးစေလိုကြောင်း၊ ပြည်ဝင်ခွင့်ဗီဇာများလည်း ကူညီပေးစေလိုကြောင်း၊ Liaison Officers  များလည်း စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်လည်း ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သောအကူအညီများကို ပေးသွားမည်ဖြစ်ပြီး သက်ဆို်င်ရာတာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
 
ဆက်လက်၍ မြန်မာနို်င်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌဦးမြတ်သူမှ ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်သော လုပ်ငန်းကိစ္စရပ်များ၊ အများပြည်သူများ ပိုမိုစိတ်ဝင်စားမှုရရှိအောင် Live  ထုတ်လွှင့်နိုင််ရေး စီစဉ်ဆောင်ရွက်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မိမိတို့ ဝန်ကြီးဌာနအနေနှင့် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် အခက်အခဲများအား ဆွေးနွေးတင်ပြပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ဆွေးနွေးပြောကြားသည်။
 
ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးနိုင်ဦးမှ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမး်အားကစားသမားများအတွက် တည်းခိုနေထိုင် ရေးနှင့် ပြိုင်ပွဲဝင်ရောက်နိုင်မည့်ကိစ္စရပ်များကို ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။ 
 
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှ လုံခြုံရေးကိစ္စရပ်များကို လစ်ဟမှုမရှိအောင် စီစဉ်ဆောင်ရွက်ရေးနှင့် ဝန်ကြီးဌာနအချင်းချင်း ဆက်သွယ်မှုများကို ပိုမိုလွယ်ကူအောင်စီစဉ်ဆောင်ရွက်ရေး စသည့် ကိစ္စရပ်များကို ထပ်မံပြောကြားခဲ့သည်။
 
ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီး၏ ကိုယ်စားလှယ်များမှ အထွေထွေ ဆွေးနွေးတင်ပြကြပြီးနောက် အားကစားနှင့် ကာယပညာဦးစီးဌာန ñွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအခမ်း အနားကို် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
 

back to top Eng