skip to content

နေပြည်တော်၊ ဇွန်လ(၁၆)ရက်။            

၂ဝ၁၈ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကို ယနေ့နံနက် (၅း၃ဝ)နာရီအချိန်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်းများ၊ နေပြည်တော်ရှိ လုပ်သားပြည်သူများ တက်ရောက် ပါဝင်ဆင်နွှဲကြပါသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် နေပြည်တော် မြို့မစျေးရှေ့၌ နံနက် (၅း၃ဝ)နာရီအချိန်တွင် စတင်တာလွှတ်ပြီး ပျဉ်းမနား-တောင်ညိုလမ်းအတိုင်း သပြေကုန်းအဝိုင်းမှ တစ်ဆင့် မဏိရတနာကျောက်စိမ်းခန်းမရှေ့အထိ ပျော်ပျော်ပါးပါး လမ်းလျှောက်ကြပါသည်။  လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများအား မဏိရတနာကျောက်စိမ်းခန်းမရှေ့ ပန်းဝင်ရာနေရာတွင် တာဝန်ရှိသူတို့မှ ရေသန့်ဗူးနှင့် မုန့်များ တိုက်ကျွေးခဲ့ကြပါသည်။ အဆိုပါ လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ပြည်သူလူထု အင်အား (၃ဝဝဝ)ကျော် တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိပါသည်။


back to top Eng