skip to content
 
နေပြည်တော်၊ အောက်တိုဘာလ(၅)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ကျင်းပသော ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ် အနားအား ယနေ့ညနေ (၃)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ဘောလုံးအားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓါတ်နှင့် ပြည်ထောင်စုစိတ်ဓါတ်များ ပိုမိုထွန်းကားပြန့်ပွားလာစေရေး၊ ထူးချွန်ထက်မြက်သော လူငယ်သွေးသစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်ရည်ရွယ်ပြီး သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ဘောလုံးသမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် ယခင်အချိန်က အရှေ့တောင်အာရှနှင့် အာရှတစ်လွှားတွင် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့ပါကြောင်း၊ ထိုသို့အောင်မြင်ခြင်း၏ အခြေခံအကြောင်းအရင်းမှာ ယခုလို တိုင်းဒေသကြီး နှင့်ပြည်နယ် လူငယ်ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါကြောင်း၊ မြန်မာ့ဘောလုံးကို အရှေ့တောင်အာရှနဲ့ အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာရပ်တည်နိုင်ရေးသည် ပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်သည်နှင့်အညီ မိမိတို့ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တစ်ရပ်ဖြစ်ကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံခိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံးအားကစားကိုစိတ်ဝင်စားလာစေပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး မြို့နယ်ပေါင်းစုံ(Township Sports Development Program) အားကစားပြိုင်ပွဲများကို စီမံချက်ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့ဘောလုံးအားကစား ပြန်လည်ဦးမော့လာစေရေးကို အရေးကြီးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အလေးအနက်ထားဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ကျောထောက်နောက်ခံ အင်အားအဖြစ် ဖြည့်တင်းပေးနိုင်ရန် အားကစားနှင့်ကာပညာသိပ္ပံကျောင်းများမှ ရွေးချယ်စုဖွဲ့ ပြုစုပျိုးထောင်လေ့ကျင့်ပေးလျက်ရှိသော အားကစားနှင့်ကာယပညာသိပ္ပံ (က)အသင်းနှင့် (ခ)အသင်းမှ (2018 MNL U-21, U-20  League Championship)ပြိုင်ပွဲများတွင် ချန်ပီယံဆုများ ဆွတ်ခူးပေးနိုင်ခဲ့ပြီး မျိုးဆက်သစ်ဘောလုံးသမားများ ထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ရွေးချယ်ခံရသော သွေးသစ်လူငယ်တွေဟာ နောင်တစ်ချိန်မှာ မြန်မာ့လက်ရွေးစင် လူငယ်ဘောလုံးအသင်းက ရွေးချယ်လေ့ကျင့်ကာ နိုင်ငံ့ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်တဲ့အထိ အောင်မြင်မှုရရှိနိုင်မှာဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ထူးချွန်ထက်မြက်သော ဘောလုံးအားကစားသမားများ ပေါ်ထွက်လာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ပြိုင်ပွဲကျင်းပ စီမံအုပ်ချုပ်သူများမှလည်း ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတမှန်ကန်စွာဆုံးဖြတ် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမား လူငယ်အပေါင်းတို့ဟာ မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်ရဲ့ဂုဏ်ကိုမြှင့်တင်ပြီး အားကစားသမားစိတ်ဓါတ်အပြည့်အဝဖြင့် သန့်ရှင်းစွာ ယှဉ်ပြိုင်သွားကြစေလိုကြောင်း တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။
 
 
 
ထို့နောက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ကရင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
 
 
 
ဆက်လက်၍  ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (၁) နှင့် (၃) တို့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း(၁၅)သင်း ၊ အားကစားသမား(၃ဝ၅)ဦးတို့သည် (၅.၁ဝ.၂ဝ၁၈)ရက်နေ့ မှ(၁၉.၁ဝ.၂ဝ၁၈)ရက်နေ့အထိ အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေ ဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
 

back to top Eng