skip to content
 
ရန်ကုန်၊ အောက်တိုဘာ(၁၅)ရက်။
 
မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် ရန်ကုန်မြို့ ၌ လက်ခံကျင်းပမည့် ၂ဝ၁၈ခုနှစ် ၊ သတ္တအကြိမ်မြောက် အရှေ့တောင်အာရှ တံခွန်စိုက်မြားပစ်ပြိုင်ပွဲနှင့် နှစ်ကြိမ်မြောက် ကမ္ဘာ့ဝူရှူး ထောက်လုပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့ နေ့လည်(၁)နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟနှင့် အမှုဆောင်များ၊  မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဌ ဦးသစ္စာနှင့် အမှုဆောင်များ၊  ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
 
ဆက်လက်၍  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးက အိမ်ရှင်အဖြစ်လက်ခံကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ လက်ရှိအေးချမ်းသာယာတိုးတက်မြင့်မားနေမှုကို နိုင်ငံတကာမှသိရှိလာစေရန်၊ မြားပစ်အားကစားနှင့် ဝူရှူးအားကစားနည်းကို ပြည်သူများ ပိုမိုစိတ်ဝင်စားလာစေပြီး မြားပစ်အားကစားနှင့် ဝူရှူ အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပိုမိုထွက်ပေါ်လာစေရန် အာရှအဆင့်ပြိုင်ပွဲများ အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲများတွင် မြားပစ်အားကစားနှင့် ဝူရှူးအားကစားနည်းများ အောင်မြင်စွာပါဝင်ယှဉ်ပြိုင်နိုင်စေရေး စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆက်စပ်ဆောင်ရွက်ရမည့် ဝန်ကြီးဌာနများအနေဖြင့် အချိန်မီဆောင်ရွက်နိုင်ရန် အဖွဲ့ချုပ်များမှ တရားဝင် အကြောင်းကြားစာပေးပို့ရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။
 
 
ဆက်လက်၍ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်ဆွေဆွေသန့်က ကမ္ဘာ့ဝူရှူး ထောက်လုပြိုင်ပွဲအား နိုဝင်ဘာ (၁၄)ရက်မှ (၁၉)ရက်နေ့အထိ ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်အမျိုးအစား (၁၁)နည်း ပြိုင်ပွဲဝင်နိုင်ငံပေါင်း (၂၄)နိုင်ငံရှိပြီး ပြိုင်ပွဲဝင်အင်အားကစားသမား (၂၅ဝ)ဦး (ခန့်မှန်း)လာရောက်မည်ဖြစ်ကြောင်း ၊ ထို့နောက်  မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌ ဦးဇေသီဟက  ပြိုင်ပွဲနှင့် ပတ်သတ်၍ရှင်းလင်းတင်ပြရာတွင် သတ္တမအကြိမ်မြောက် အရှေ့တောင်အာရှတံခွန်စိုက် မြားပစ်ပြိုင်ပွဲ ((7 th South East Asian Open Archery Championships 2018)) ကို နိုဝင်ဘာ (၂)ရက်မှ (၈)ရက်နေ့အထိ ရန်ကုန်မြို့၊တာမွေမြို့နယ် ကျိုက္ကဆံကွင်း၊ ဂိတ်အမှတ်(၅)ရှိ မြားပစ်အားကစားပြိုင်ကွင်းတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပါကြောင်း၊ ပြိုင်ပွဲအမျိုးအစား Recurve ပြိုင်ပွဲတွင် (၆)မျိုး၊ Compound ပြိုင်ပွဲတွင်(၆)မျိုးပါဝင်မည်ဖြစ်ရာ  ပြိုင်ပွဲဝင်(၁၆) နိုင်ငံမှ ပြိုင်ပွဲဝင် အများဆုံးအားကစားသမားဦးရေ (၁၅ဝ)ဦးမှ အနည်းဆုံး (၇ဝ)ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသဖြင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲ ကျင်းပနေရာ၊ သယ်ယူပို့ဆောင်ရေး၊ တည်းခိုနေရာများ၌ လုံခြုံရေး၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ပြိုင်ပွဲတွင် ထိခိုက်မှုပေါ်ပေါက်လာပါက ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု၊ နိုင်ငံအချင်းချင်း ဆက်သွယ်ပြောဆိုနိုင်ရေး၊ ပြိုင်ပွဲနှင့်ပတ်သက်၍ အများပြည်သူများသိရှိကြည့်ရှုနိုင်ရန်အတွက် ပြန်ကြားရေးကိစ္စများ၊ ပြိုင်ပွဲကျင်းပနေစဉ် လျှပ်စစ်မီး မပြတ်တောက် စေရေး၊ ပြိုင်ပွဲဝင်များ Visa ကိစ္စ အချိန်မီ အဆင်ပြေစေရေး ပြိုင်ပွဲပစ္စည်းများ ယူဆောင်လာမှုအတွက် အကောက်ခွန်လုပ်ငန်းများ အဆင်ပြေစေရေး၊ ပြိုင်ပွဲတွင် တာဝန် ထမ်းဆောင်မည့် Liaison Officer အဆင်ပြေဆက်ဆံအသုံးပြုနိုင်ရေး စသည့် ကိစ္စရပ်များအား ပြောကြားခဲ့သည်။
 
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက အထွေထွေဆွေးနွေးချက်များကို အသီးသီး တင်ပြခဲ့ကြပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဦးက နိဂုံးချုပ် ကျေးဇူးတင်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
 
      
 

back to top Eng