နေပြည်တော်၊ ဇွန်(၇)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရေး၊ အလားအလာကောင်းမွန်သည့် လူငယ်အားကစား သမားများ မွေးထုတ်စုစည်းပေးနိုင်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သော မြန်မာ့ လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၉:ဝဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဃ)တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျူဒို အဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒိုပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ မျိုးဆက်သစ်လူငယ် ဂျူဒိုအားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး၊ နိုင်ငံတော်အတွက် အလားအလာ ကောင်းမွန်သည့် လူငယ်အားကစားသမားများ မွေးထုတ်စုစည်းပေးနိုင်ရေး၊ အနာဂါတ်တွင် ထူးချွန်ထက်မြက်သော မြန်မာ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အားကိုးအားထားပြုနိုင်သော အားကစားသမားကောင်းများ ရရှိရေးတို့အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ဂျူဒိုအားကစားနည်းသည် မြန်မာနိုင်ငံအတွင်းရှိ လူငယ်/လူရွယ်အများအပြား အလွယ်တကူ စိတ်ဝင်တစားလေ့ကျင့်ကစားနိုင်သည့် ကိုယ်ခံပညာ တစ်ရပ်ဖြစ်သည့်အပြင် ခန္ဓာကိုယ်အလေးချိန် အတန်းတူညီသူများအချင်းချင်း ယှဉ်ပြိုင်ကစားရသည့် အားကစားနည်းဖြစ်ပြီး နည်းစနစ် ကျွမ်းကျင်ပြီး ဇွဲ၊ လုံ့လ၊ သတ္တိ၊ နှင့်အောင်နိုင်စိတ်တို့ ပြည့်ဝနေလျှင် ထူးချွန်အောင်မြင် နိုင်သည့် အားကစားနည်းတစ်ရပ် ဖြစ်ပါကြောင်း၊ ဂျူဒိုအားကစား နည်းသည် မြန်မာနိုင်ငံအတွက် ဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးပေးနိုင်သည့် အားကစားနည်းတစ်ရပ် ဖြစ်ပါကြောင်း၊ ယခုတိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲမှတဆင့် ထူးချွန်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်အောင် စနစ်တကျ လေ့ကျင့်ဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်ကို တိုက်တွန်းမှာကြားလိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့်လည်း မိမိတို့၏တစ်ဦးချင်း စွမ်းရည်များကို အပြည့်အဝဖော်ထုတ်ပြသစေလိုကြောင်း၊ ပြိုင်ပွဲတွင်တာဝန်ယူ ဆောင်ရွက်မည့် ဒိုင်လူကြီးများအနေနှင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး စည်းမျဉ်း/စည်းကမ်းများ အတိုင်း ဆောင်ရွက်စေလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် နိုင်ငံတော်အတွက် အားကိုးအားထား ပြုရသော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြဖို့ လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ဂျူဒိုပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ အားကစားဝတ်စုံများကို ပေးအပ်လှူဒါန်းခဲ့ပြီးနောက် အမျိုးသား/အမျိုးသမီးပွဲစဉ်များအဖြစ် (-၅ဝ)ကီလို၊ (-၅၅)ကီလို၊ (-၇၃)ကီလို၊ (-၉ဝ)ကီလို၊ (-၁ဝဝ)ကီလိုတန်းများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၅)သင်း၊ အမျိုးသမီး(၁၅)သင်း၊ အားကစား သမား စုစုပေါင်း(၁၆၃)ဦးတို့သည် ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)တွင် နေ့စဉ်နံနက်(၉:ဝဝ)နာရီအချိန်မှစ၍ အမျိုးသား/အမျိုးသမီး ကီလိုတန်း (၁၁)တန်းဖြင့် စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဂျူဒိုအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။