skip to content

နေပြည်တော်၊ ဇွန်(၁၅)ရက်။     

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပြောင်းလဲတိုးတက်နေသော စားပွဲတင်တင်းနစ်အားကစားနည်း၏ နည်းစနစ်များ၊ စည်းမျဉ်း/စည်းကမ်းများကို သိရှိနားလည်ပြီး အမြင်ခြင်းဖလှယ်ရယူရန်၊ နိုင်ငံ့ကိုယ်စားပြု စားပွဲတင်တင်းနစ်ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲပွဲစဉ်များကို ယနေ့နံနက် (၉:ဝဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဦးမြသန်းထိုက်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့် တာဝန်ရှိသူများ၊  ဖိတ်ကြားထားသောဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ နည်းပြများနှင့်   အားကစားသမားများ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ စားပွဲတင်တင်းနစ်အားကစားနည်းသည် အခြားအားကစားနည်းများကဲ့သို့ ကိုယ်ခန္ဓာကြီးထွားမှုနှင့် အရပ်အမောင်းမြင့်မားမှုတို့က အဓိကမကျဘဲ သွက်လက်ဖြတ်လက်မှု၊ သက်လုံကောင်းမွန်မှု၊ နည်းစနစ်ပိုင်းကျွမ်းကျင်မှုနှင့် တစ်ဖက်ပြိုင်ဘက်အားကစားသမား၏ အားနည်းချက်ကို ချက်ခြင်း တုံ့ပြန်ပြီး ပြန်လည်အသုံးချနိုင်မှုတို့ကို အဓိကထားရသော အားကစားနည်းဖြစ်ကြောင်း၊ အားကစားကွင်းနေရာအနေနှင့်လည်း အကျယ်အဝန်းအထိုက် အလျောက်ရှိ လျှင် ကစားနိုင်သော အားကစားနည်းဖြစ်ကြောင်း၊ လူငယ်များနှင့် အလွန်လိုက်ဖက်ညီသော အားကစားနည်းဖြစ်သော်လည်း လူကြီးများအနေနှင့် လည်း ကိုယ်လက်လှုပ်ရှားမှု မပြင်းထန်ဘဲ ကစားနိုင်သော ကစားနည်း ဖြစ်သောကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျှော်သော ကစားနည်း ဖြစ်ပါကြောင်း၊ ယနေ့ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အားကစားသမား များအနေဖြင့် မိမိတို့၏အရည်အချင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်း အောင်နိုင်ရေးအတွက် ဇွဲ၊ စိတ်ဓါတ်အပြည့်နှင့် သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲမှတဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အားကစား သမားကောင်းများ ဖြစ်အောင် ကြိုးစားကြရန်တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့်တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့် တာဝန်ရှိသူများ၊  အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်း များအား လိုက်လံနှုတ်ဆက်ကြပြီး အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်များ ယှဉ်ပြိုင်နေမှု အား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးရှိ ပြိုင်ပွဲဝင် အမျိုးသား(၁၅)သင်း၊ အမျိုးသမီး(၁၄)သင်း၊ အားကစားသမား စုစုပေါင်း(၁၃၆)ဦးတို့သည် ဇွန်လ(၁၅)ရက်မှ ဇွန်လ(၁၉)ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစား ရုံ(ဃ)တွင် နေ့စဉ်နံနက်(၉:ဝဝ)နာရီအချိန်မှစ၍ စတင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် စားပွဲတင်တင်းနစ် အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။


back to top Eng