skip to content

နေပြည်တော်၊ဇူလိုင်လ(၄)ရက်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:ဝဝ)နာရီအချိန်၌ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊   ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊  ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြနှင့်   အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက်      မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ပြည်သူလူထုများ ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါဝင်စားလာစေရန်၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် အနာဂတ်တွင် ထူးချွန် ထက်မြက်သော မြန်မာ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကြောင်း၊ ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား သမားမောင်/ မယ်များက မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်မည့်အသင်း အောင်နိုင်ရေးအတွက် မိမိတို့အရည်အသွေးကို အစွမ်းကုန်ထုတ်ပြ၍ အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် အကောင်းဆုံးပါဝင် ယှဉ်ပြိုင်စေလိုကြောင်း မှာကြားရင်း ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။

ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး အမျိုးသား(၂)ယောက်တွဲ အသင်းလိုက်ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်း နှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ် အသင်းများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၅)သင်း၊ အမျိုးသမီး(၁၃)သင်း၊ အားကစား သမား စုစုပေါင်း(၂၇၂)ဦးတို့သည် (၄.၇.၂ဝ၁၈)ရက်နေ့မှ (၁၃.၇.၂ဝ၁၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)တွင် နေ့စဉ်နံနက်(၉:ဝဝ)နာရီအချိန်မှစ၍ အမျိုးသား(၂)ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲ၊ အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၊ အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၊ အမျိုးသမီး (၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၊ အမျိုးသမီး(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ နှင့် အမျိုးသမီး (၃) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။

 


back to top Eng