skip to content

နေပြည်တော်၊ဇူလိုင်လ(၉)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲများအဖြစ် ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ အမျိုးသား(၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၏ တတိယလုပွဲ၊ ဗိုလ်လုပွဲများကိုယှဉ်ပြိုင်ကြရာ ပြိုင်ပွဲများအပြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းကို (၂:ဝ)ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ် အသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ အမျိုးသမီး(၂)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ၏ တတိယလုပွဲ၊ ဗိုလ်လုပွဲများကိုယှဉ်ပြိုင်ကြရာ ပြိုင်ပွဲများအပြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို  (၂:ဝ) ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသမီး(၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင်  တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော မကွေးတိုင်းဒေသကြီးအသင်းနှင့် ပထမဆုရရှိသော ကရင်ပြည်နယ်အသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးမှ လည်းကောင်း၊ အမျိုးသား(၂) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် တတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊  ဒုတိယဆုရရှိသော မွန်ပြည်နယ်အသင်းနှင့် ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးလွင်မှ လည်းကောင်း ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသား(၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲနှင့် အမျိုးသမီး (၄) ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်းသတင်းရရှိပါသည်။

အဆိုပါ အမျိုးသား (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၏ ရှုံး/ထွက် ပွဲစဉ်နှင့် အမျိုးသမီး (၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ၏ ရှုံး/ထွက်ပွဲစဉ်၊ အကြိုဗိုလ်လုပွဲများကို (၁ဝ.၇.၂ဝ၁၈) ရက်နေ့ နံနက် (၉:ဝဝ)နာရီအချိန် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသူ မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။

 


back to top Eng