skip to content

နေပြည်တော်၊ မေ(၂၇)ရက်။    

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များဖြစ်ပေါ်လာစေရေး၊ ဘော်လီဘောအားကစားနည်းကို ယခုထက် ပိုမိုတိုးတက် ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ အမျိုးသား/အမျိုးသမီးအုပ်စုပတ်လည်နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့ နံနက်(၈:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ စတင်ယှဉ်ပြိုင်ကစားလျက်ရှိ ပါသည်။

ရှေးဦစွာ အမျိုးသားအုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်များအဖြစ် တနင်္သာရီတိုင်း​ေဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားရာ ကရင်ပြည်နယ်အသင်းမှ(၃-၁)ပွဲဖြင့်လည်းကောင်း၊ နေပြည်တော်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားရာ နေပြည်တော်အသင်းမှ(၃)ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းနှင့်ရခိုင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကချင်ပြည်နယ်အသင်းမှ(၃-၁)ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

ဆက်လက်ပြီး အမျိုးသမီးအုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားရာ ကချင်ပြည်နယ်အသင်းမှ(၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန်တိုင်းဒေသကြီး အသင်းမှ(၃)ပွဲပြတ်ဖြင့်လည်းကောင်းအသီးသီး အနိုင်ရရှိ သွားပါသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့်ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို   (၂၈-၅-၂ဝ၁၈)ရက် နေ့စဉ်နံနက်(၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသောမိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။
 


back to top Eng