skip to content

နေပြည်တော်၊ မေ(၃၁)ရက်။   

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့်   ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသော ၂ဝ၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် နေပြည်တော်ဝန်ကြီးပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကိုယနေ့နံနက်(၁ဝ)နာရီအချိန်တွင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)၊ စုပေါင်းခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြ သည်။

ရှေးဦစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့သည် နှစ်စဉ်ဇွန်လ (၂၃)ရက်နေ့ဖြစ်ကြောင်း၊ ၁၈၉၄ခုနှစ် ဇွန်လ(၂၃)ရက်မှစတင်၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ်အဆိုပါ ဇွန်လ(၂၃)ရက် ရောက်တိုင်း အိုလံပစ်အဖွဲ့ဝင်နိုင်ငံအသီးသီးတွင် အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် အားကစားလှုပ်ရှားမှု များကိုပြုလုပ်ခဲ့ကြပြီး အားကစားလှုပ်ရှားမှု မှတ်တမ်းများကို IOC သို့ပေးပို့တင်ပြရမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံအနေဖြင့်လည်း ဇွန်(၂၃)ရက်နေ့ အတိုင်မီတစ်ပတ်အတွင်း နေပြည်တော်နှင့်ရန်ကုန်တို့တွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်အတွက် လူထုစုပေါင်းလမ်းလျှောက်ပွဲများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် (၁၆-၆-၂ဝ၁၈)ရက် (စနေ့နေ)နံနက် (၅:၃ဝ)အချိန်တွင် နေပြည်တော်မြို့မစျေးမှ ပျဉ်းမနားတောင်ညိုလမ်းအတိုင်း သပြေကုန်းအဝိုင်းမှ မဏိရတနာကျောက်စိမ်းခန်းမရှေ့အထိ စုပေါင်းလမ်းလျှောက်ပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွဲ(၁)နှင့်(၂)ကို ပြုလုပ်မည်ဖြစ်ကြောင်း၊ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို နေပြည်တော်တွင် အားကစားနည်း(၁)နည်း၊ ရန်ကုန်မြို့တွင် အားကစားနည်း(၃၄)နည်း၊ စုစုပေါင်းအားကစားနည်း(၃၅)နည်းကို ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ၂ဝ၂ဝခုနှစ်၊ ဂျပန်နိုင်ငံတွင်ကျင်းပမည့် (၃၂)ကြိမ်မြောက်အိုလံပစ်ပြိုင်ပွဲတွင် မိမိတို့နိုင်ငံအနေဖြင့်ပြေးခုန်ပစ်၊ ကရာတေးဒို၊ ဂျုဒို၊ သေနတ်ပစ်နှင့် မြားစသည့် အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ နေပြည်တော်ဝန်ကြီးပေါင်းစုံဌာန အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စွာအားသစ် အင်သစ်ဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန် ဝန်ထမ်းအချင်းချင်းချစ်ခင်ရင်းနှီးမှု ယခုထက်ပိုမိုရရှိစေရန်နှင့် မြန်မာ့အားကစားလောကအတွက် လူငယ်မျိုးဆက်သစ်အားကစားသမား များထွက်ပေါ်လာစေရေးအတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ လူအများစိတ်ဝင်စားမှုအများဆုံး ရရှိသော ဘောလုံး(အမျိုးသား)၊ ဘော်လီဘော(အမျိုးသား/သမီး) ပြိုင်ပွဲများကို ဇူလိုင်လမှစတင်ပြီး ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင်ဆုရရှိသော အားကစားသမားများအား တံခွန်စိုက်ဖလားဆုနှင့်ဆုကြေးငွေများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသော အစည်းအဝေးသို့တက်ရောက်လာသော သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ အနေဖြင့် ပူးပေါင်းပါဝင်ဆွေးနွေးပေး စေလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များသည် လူထုစုပေါင်းလမ်းလျှောက်ပွဲကို သတ်မှတ်အင်အားအတိုင်း ပါဝင်ဆင်နွှဲသွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများကို တာဝန်ရှိသူများထံပြန်လည်တင်ပြပြီး သတ်မှတ်ရက်အတိုင်းပြန်လည် ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာမြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများသည် ယခင်နှစ်များအတိုင်း ပြိုင်ပွဲဝင်စည်းမျဉ်း/စည်းကမ်းများ ကို ရေးဆွဲချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်မှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေဖြင့် ယခုလက်ရှိ ကျင်းပမည့် ပြည်တွင်း/ပြည်ပ အားကစားပြိုင်ပွဲ များအကြောင်းနှင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများကိုလည်း အစဉ်အမြဲကြိုဆိုလျက်ရှိပါ ကြောင်း ပြောကြားရင်း အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


back to top Eng