နေပြည်တော်၊ သြဂုတ်(၁၃)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ အာရှစားပွဲတင်တင်းနစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်၊ (၂၄)ကြိမ်မြောက်အာရှသက်ငယ်တန်း၊ အသက်(၁၈)နှစ်အောက် (Junior) နှင့် အသက်(၁၅)နှစ်အောက် (Cadet) စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉:ဝဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ အာရှစားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ ပြိုင်ပွဲတာဝန်ခံ MR. AFSHIN BAIDEE မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်နိုင်ငံများမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်း ဝင်ရောက်နေရာယူပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်းမှာ မြန်မာနိုင်ငံရှိ လူငယ်၊ လူရွယ်များ အကြားတွင် စားပွဲတင်တင်းနစ် အားကစားနည်းကို ပိုမိုစိတ်ဝင်စားစွာ လေ့ကျင့်ကစားကြစေရန်နှင့် ယခုပြိုင်ပွဲမှ အလားအလာရှိသော ထူးချွန်ထက်မြတ်သောလူငယ်များကို ရှာဖွေဖော်ထုတ်နိုင်ကာ ကမ္ဘာ့အဆင့်မီ အားကစားသမားများအဖြစ် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစား သမားများအချင်းချင်း စားပွဲတင်တင်းနစ် အားကစားနည်းနှင့်ပတ်သက်၍ နည်းစနစ်နှင့် ပညာရပ် များမျှဝေနိုင်ရန် ရည်ရွယ်ပါကြောင်း၊ စားပွဲတင်တင်းနစ် အားကစားနည်းသည် ငွေအကုန်အကျ မများသလို လေ့ကျင့်ကစားရန် နေရာအကျယ်အဝန်းများစွာမလိုဘဲ အလွယ်တကူလေ့ကျင့် ကစားနိုင်ကာ လျှင်မြန်သွက်လက်မှုနှင့် ကျန်းမာကြံ့ခိုင်မှုကို များစွာအထောက်အကူပြုကြောင်း၊ ပြိုင်ပွဲဝင်နိုင်ငံ(၁၇)နိုင်ငံမှ နည်းပြများ၊ အားကစားသမားများကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်သွယ်မှုများ ပိုမိုတိုးမြင့်လာစေလိုကြောင်း၊ ယခုပြိုင်ပွဲကို လက်ခံကျင်းပရခြင်းဖြင့် မြန်မာနိုင်ငံ၏ အားကစားဖွံ့ဖြိုးရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဆီသို့ ဦးတည်ဆောင်ရွက်နေသော လုပ်ငန်းစဉ်ကို များစွာအထောက်အကူပြုစေမည့် ကြီးမားသော အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း ပြောကြားကာ (၂၄)ကြိမ်မြောက် အာရှသက်ငယ်တန်း၊ အသက်(၁၈)နှစ်အောက် (Junior) နှင့် အသက်(၁၅)နှစ်အောက် (Cadet) စားပွဲတင်တင်းနစ်ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။
ယင်းနောက် အာရှစားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ ပြိုင်ပွဲတာဝန်ခံ Mr. Afshin Baidee မှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားတစ်ဦးမှ ပြိုင်ပွဲဝင်အသင်းများကိုယ်စား အားကစား သစ္စာအဓိဌာန် ရွတ်ဆိုခဲ့ပြီး ဒိုင်လူကြီးများနှင့် ပြိုင်ပွဲကြီးကြပ်သူများကိုယ်စား ဒိုင်တစ်ဦးမှ သစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူ များ၊ အာရှစားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ ပြိုင်ပွဲတာဝန်ခံ Mr. Afshin Baidee၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကာ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး အသက်(၁၈)နှစ်အောက် (Junior) ပြိုင်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံ (၁၇)နိုင်ငံနှင့် အားကစားသမား စုစုပေါင်း(၂၄ဝ)ဦး တို့ သည် သြဂုတ်လ(၁၃)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် နေ့စဉ်နံနက် (၉:ဝဝ) နာရီအချိန်မှစ၍ စတင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် စားပွဲတင်တင်းနစ် အားကစား နည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါ ကြောင်း သိရှိရသည်။