နေပြည်တော်၊ သြဂုတ်လ(၂၄)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိပြီး ၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲကို ယနေ့နံနက် (၈:ဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ (B)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှု့အားပေးခဲ့ပါသည်။
ထို့နောက် အမျိုးသားအုပ်စုပွဲစဉ်များအဖြစ်ယှဉ်ပြိုင်ရာ ကယားပြည်နယ်အသင်းမှ နေပြည်တော်အသင်းကို (၇၆)မှတ်၊ (၃၆)မှတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ ကရင်ပြည်နယ်အသင်းကို (၆ဝ)မှတ်၊ (၅၆)မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းကို(၇၅)မှတ်၊ (၅၃)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပွဲစဉ်များ အဖြစ်ယှဉ်ပြိုင်ကြရာ မကွေးတိုင်း ဒေသကြီးအသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို (၅၇)မှတ်၊ (၅ဝ)မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းကို(၅၆)မှတ်၊ (၃၃)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ညနေပိုင်း ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင် လျက်ရှိကြောင်းသိရှိရပါသည်။
(၂၅.၈.၂ဝ၁၈)ရက်နေ့တွင် အမျိုးသားကွာတားပွဲစဉ်များနှင့် အမျိုးသမီးအုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အဆိုပါ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်စကတ်ဘော ပြိုင်ပွဲကို (၂၁.၈.၂ဝ၁၈) ရက်နေ့ မှ (၂၇.၈.၂ဝ၁၈)ရက်နေ့အထိ နံနက် (၈)နာရီအချိန်မှ စတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ရာ အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။