skip to content

 

နေပြည်တော်၊ ဒီဇင်ဘာ (၁၃)ရက်။      

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ယနေ့နံနက် (၇းဝဝ) နာရီအချိန်မှ စ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များ၊ အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။   

 

 

ရှေးဦးစွာ ငလိုက်ဆည်တွင် ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပရာ အမျိုးသမီး (၁ဝ)တက်လှော် မီတာ(၅ဝဝ) ရိုးရာလှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်းမှ ပထမ၊ ထိုင်း အသင်းမှ ဒုတိယ၊ စင်ကာပူ အသင်းမှ တတိယကိုလည်းကောင်း၊ အမျိုးသား (၁ဝ)တက်လှော် မီတာ(၅ဝဝ) ရိုးရာလှေလှော််ပြိုင်ပွဲတွင် ထိုင်း အသင်းမှ ပထမ၊ မြန်မာ အသင်းမှ ဒုတိယ၊ စင်ကာပူ အသင်းမှတတိယကိုလည်ကောင်း၊ အမျိုးသား/အမျိုးသမီး (၁ဝ)တက်လှော် မီတာ(၅ဝဝ) ရိုးရာလှေလှော််ပြိုင်ပွဲတွင် ထိုင်း အသင်းမှ ပထမ၊ မြန််မာ အသင်းမှ ဒုတိယ၊ စင်ကာပူ အသင်းမှ တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပသော အမျိုးသမီး မီတာ(၁ဝဝဝဝ)တာဝေး ပြိုင်ပွဲတွင် Pham Thi Hue (ဗီယက်နမ်)မှ ပထမ၊ ယဉ်ငြိမ်းအေး(မြန်မာ)မှ ဒုတိယ၊ Nicole Low Sui Xuan  (စင်ကာပူ)မှ တတိယကို လည်းကောင်း၊ အမျိုးသမီး မီတာ (၄ဝဝ)အပြေးပြိုင်ပွဲတွင် Quach Thi Lan (ဗီယက်နမ်)မှ ပထမ၊ Ratchada (ထိုင်း)မှ ဒုတိယ၊ သီသီမွန်(မြန်မာ)မှ တတိယကိုလည်းကောင်း၊ အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် Thawat Khachin (ထိုင်း)မှ ပထမ၊ Brian See Wei Ren (စင်ကာပူ)မှ ဒုတိယ၊ ထက်နေလင်း(မြန်မာ)မှ တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ဆက်လက်၍ ပိုက်ကျော်ခြင်း အားကစားရုံတွင် အမျိုးသား(၂)ယောက်တွဲ အသင်းလိုက် ပြိုင်ပွဲကို ယှဉ်ပြိုင်ရာ မြန်မာအသင်းမှ မလေးရှားအသင်းကို (၂)ပွဲ (၁)ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်းသိရှိရပါသည်။

ဘော်လီဘောအားကစားရုံတွင် အမျိုးသား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ရာ ထိုင်းအသင်း မှ မြန်မာအသင်းကို ရမှတ် (၂၅-၁၉၊ ၂၅-၂ဝ၊ ၂၅-၁၇) ဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်းသိရှိရပါသည်။

ကြက်တောင်အားကစားရုံတွင် ကြက်တောင်အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် သက်ထားသူဇာ (မြန်မာ)မှ အင်ဒိုနီးရှား အား (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိထားပြီး ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

ဆက်လက်၍ စစ်တုရင်၊ ဂေါက်သီး၊ မြားပစ်၊ ဘက်စကက်ဘော၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ရေကူးပြိုင်ပွဲကို သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံ အသီးသီး တို့ တွင် ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိပါသည်။

ယနေ့အထိပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၉)ခု၊ ကြေး(၁ဝ) ခု ဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိပါသည်။


back to top Eng